စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဒန်နီ အဲလ်ဗက်ကို ပြန်လည် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ယနေ့မနက် အစောပိုင်းမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၃၈နှစ် အရွယ် ဘရာဇီးလ် ဝါရင့် ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်ဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အသင်းအတွက် ၈နှစ်ကြာအောင် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒန်နီ အဲလ်ဗက်ဟာ သူ နောက်ဆုံး ကစားခဲ့တဲ့ ဘရာဇီးလ်ကလပ် ဆော်အိုပေါ်လိုအသင်း ကနေ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်ခဲ့ပြီး သူ့ရဲ့ အသင်းဖော်ဟောင်း တဦးဖြစ်သူ ဇာဗီ တယောက် ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာချိန်မှာတော့ အသင်းဟောင်းထံ ပြန်လာခွင့် ရရှိခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဒန်နီ အဲလ်ဗက်ကို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲလ်ဗက်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို စောင့်ကြည့်ကာ ရာသီကုန်မှာ သက်တမ်း ဆက်တိုးမလား ၊ ဒါမှမဟုတ် ထွက်ခွာခွင့် ပေးမလား ဆိုတာကို ဆုံးဖြတ်မယ်လို့လည်း သိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီဟာ အသင်းကို ထိန်းကျောင်းရာမှာ ကူညီဖို့နဲ့ အသင်းရဲ့ လူငယ် နောက်ခံလူ တဦး ဖြစ်သူ ဆာဂျီနိုဒက်စ်ကို သင်ကြားပေးဖို့ အတွက် ဒန်နီ အဲလ်ဗက်ကို အသင်းထံ ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲလ်ဗက်ဟာ ဘာစီလိုနာအသင်းရဲ့ ဦးစားပေး ညာနောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ ဘာစီလိုနာအသင်းရဲ့ ဝန်ထမ်းတချို့က အတည်ပြုထားကြပါတယ်။

ကဲ ပျော်ပျော်နေတတ်တဲ့ ဘရာဇီးလ်သားကြီးကို နူးကမ့်မှာ ပြန်ကြည့်ဖို့ အဆင်သင့်ပဲလားဗျ…?