UFC ရဲ့ အကြီးကဲ ဥက္ကဌ တစ်ဦး ဖြစ်သူ ဒေနာ ဝှိုက် ကတော့ သူ့အနေနဲ့ နာမည်ကြီး ဖိုက်တာ တွေ ဖြစ်ကြတဲ့ ကော်နာ မက်ဂရီဂေါ နဲ့ ခါဘစ်တို့ နှစ်ဦး မကျေပွဲ ပြန်ထိုးသတ်တာကို မြင်ချင်နေသေးကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေနာဝှိုက်က ခါဘစ် ကို ကော်နာ နဲ့ ပြန်ထိုးဖို့ အတွက် သူ့အနေနဲ့ အတတ်နိုင်ဆုံး နားချသွားမှာ ‌ဖြစ်ကြောင်းနဲ့ အကယ်၍သာ ပြန်ထိုးဖြစ်ခဲ့ရင် အဆိုပါ ပွဲစဉ်က UFC သမိုင်းမှာ အကြီးကျယ်ဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ခါဘစ် နဲ့ ဒေနာဝှိုက်တို့ နှစ်ဦးဟာ နောက်လ Fight Island မှာ ‌တွေ့ဆုံကြမှာ ဖြစ်ပြီးတော့ နှစ်ဦးကြား ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးသွားဖို့ ရှိနေပါတယ်။

Photo Credit: Daily Mail

ခါဘစ် ဟာ သူ့ရဲ့ ညီတစ်ဝမ်းကွဲဖြစ်သူ အူမာ နာမဂိုမဲဒေါ့ ရဲ့ တွဲဆိုင်းကို ကြည့်ရှုဖို့ အတွက် ဇန်နဝါရီလ ၂၃ ရက်နေ့ Fight Island မှာ ကျင်းပမယ့် မက်ဂရီဂေါ နဲ့ ဒက်စတင် ပေါ်ရီရေး တို့ ရဲ့ UFC 257 ပွဲစဉ်ကို တက်ရောက် အားပေးဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒေနာ ဝှိုက်ကတော့ ခါဘစ် ရဲ့ အနားယူဖို့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ဖို့ မျှော်လင့်နေပြီးတော့ နောက်လမှာ ဆွေးနွေးဖို့ စီစဉ်ထားတာကြောင့် အခုချိန်ထိတိုင်အောင် ခါဘစ် ကို လိုက်ဝိတ် ချန်ပီယံဘွဲ့ကနေ မဖယ်ရှားရသေးတာ ဖြစ်ပါတယ်။ ဒေနာ ဝှိုက်ကတော့ အဆိုပါ အကြောင်းအရာ နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားပါတယ်။ “ ကျွန်တော် Fight Islandကို သွားဖို့ အတွက် လေယာဉ်စီးနေတဲ့ အချိန်ကျရင် ခါဘစ်ကလည်း အဲ့ဒီ ကို သွားနေပါလိမ့်မယ် ”

Photo Credit: Daily Mail

“ ကျွန်တော် အဲ့ဒီမှာ ရှိနေတဲ့ အချိန်အတောအတွင်းမှာ ကျွန်တော် သူနဲ့ တွေ့ဆုံ ဆွေးနွေးသွားပါမယ်။ အကယ်၍ ကော်နာ သာ ဒီပွဲစဉ်မှာ အနိုင်ရခဲ့ရင် ကျွန်တော် သူနဲ့ ခါဘစ်ရဲ့ မကျေပွဲကို ပြန်မြင်ချင်မိပါတယ်။ အဲ့ဒါက သေချာပေါက် အဓိပ္ပါယ်ရှိတဲ့ ထိုးသတ်ပွဲ တစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီးတော့ ကျင်းပဖူးသမျှထဲမှာ အကြီးမားဆုံး၊ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်လာမှာ အသေအချာပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ခါဘစ် ဟာ ကော်နာ နဲ့ ပေါ်ရီရေး တို့ ပွဲစဉ်မှာ အနိုင်ရတဲ့ သူက သူ့ရဲ့ လိုက်ဝိတ် ချန်ပီယံ ခါးပတ် ကို ရယူသွားနိုင်ှမာ ဖြစ်ကြောင်း ပြောဆိုထားတာ ကြောင့် ခါဘစ် ပြန်လာဖို့ က ရာခိုင်နှုန်းနည်းနေပြီး ဒေနာဝှိုက်အနေနဲ့ အတော်လေး နားချ သွားရဖို့တော့ ရှိနေပါတယ်။ မက်ဂရီဂေါ ကတော့ ဇွန်လက ဆုံးဖြတ်ခဲ့တဲ့ အနားယူဖို့ ကိစ္စကို ပြန်ပြင်ပြီးနောက် သူ့ရဲ့ ပထမဆုံး ပွဲစဉ်ကို ပြန်ထိုးသတ်မှာ ဖြစ်ပါတယ်။ ကော်နာ နဲ့ ပေါ်ရီရေးတို့ နှစ်ဦးဟာ ၂၀၁၄ ခုနှစ်ကကျင်းပခဲ့တဲ့ UFC 178 ပွဲစဉ်မှာ ထိုးသတ်ဖူးပြီး ထိုပွဲစဉ်တုန်းကတော့ ကော်နာက ပေါ်ရီရေးကို ၁ မိနစ်နဲ့ ၄၆ စက္ကန့်မှာတင် အလဲထိုး အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။