ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချက် ၀-၄ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ညာနောက်ခံလူ ဒီယေဂို ဒါးလော့ကတော့ သူတို့အသင်းဟာ အုပ်စုနောက်ဆုံးပွဲ အဖြစ် ပေါ်တူဂီမြေမှာ စပိန်ကို ဧည့်ခံကစားရမယ့် အချိန်မှာလည်း အခုလိုမျိုး နိုင်ပွဲ ယူပြမယ်လို့ ပွဲအပြီးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

ချက်နဲ့ ပေါ်တူဂီတို့က နေးရှင်းလိဂ် ပထမတန်း ၊ အုပ်စု(၂)ရဲ့ ပဥ္စမမြောက် အုပ်စုပွဲ အဖြစ် ချက်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပေါ်တူဂီက ပွဲစပွဲဆုံး ကစားကွက် အသာစီးနဲ့ ကစားသွားနိုင်ခဲ့ကာ ဒါးလော့ရဲ့ သွင်းဂိုး ၂ဂိုး ၊ ဖာနန်ဒက်နဲ့ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါနိုင်ပွဲကြောင့်ပဲ ပေါ်တူဂီက အုပ်စုပွဲစဉ်(၅) အပြီးမှာ အုပ်စု(၂)ရဲ့ အဆင့်၁နေရာကို သိမ်းပိုက်နိုင်ခဲ့သလို အုပ်စုနောက်ဆုံးပွဲ အဖြစ် စပိန်ကို ပေါ်တူဂီနိုင်ငံ ၊ ဘရာဂါမြို့မှာ ဧည့်ခံ ကစားရမယ့် ပွဲစဉ်မှာသာ အနိမ့်ဆုံး သရေ ၁မှတ် ရယူနိုင်ခဲ့ရင် အုပ်စုဗိုလ်အဖြစ်နဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲဆီ တက်လှမ်းသွားနိုင်မှာပါ။

ဒါပေမယ့် ဒီယေဂို ဒါးလော့ အပါအဝင် ပေါ်တူဂီ အသင်းသားတွေက ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံး ကစားရမယ့် နိုင်ငံတကာပွဲ ဖြစ်တဲ့ စပိန်နဲ့ပွဲမှာ အနိုင်ရလဒ် ရယူဖို့သာ စိတ်အားထက်သန်နေကြပြီး ဒါးလော့ကတော့ သူတို့အသင်းဟာ အနိုင်ရလဒ် တခုထဲ အတွက်သာ ဘရာဂါမြို့ဆီ ချီတက်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Mirror

ဒါးလော့က – “ကျွန်တော်တို့ရဲ့ အတွေးကတော့ ရှင်းပါတယ်။ ဒီနေ့မှာ ဘယ်လိုရလဒ်တွေပဲ ထွက်ခဲ့ ထွက်ခဲ့ ၊ ကျွန်တော်တို့က ဘရာဂါမြို့ဆီ အနိုင်ရလဒ် တခုထဲ အတွက်ပဲ ချီတက်သွားမှာပါ။ စပိန်နဲ့ပွဲက ကျွန်တော်တို့ အတွက် ရှုပ်ထွေးပြီး ခက်ခဲမယ့် ပွဲတပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့က နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ ကိုယ့်ရဲ့အလုပ်ကို အကောင်းဆုံး လုပ်ဖို့ လိုအပ်ပါတယ်” ဆိုပြိး ကြွေးကြော်သွားခဲ့တာပါ။

ပေါ်တူဂီနဲ့ စပိန်တို့ရဲ့ ပွဲကိုတော့ လာမယ့် စက်တင်ဘာလ ၂၈ရက်နေ့ ၊ မနက် ၁နာရီ ၁၅မိနစ် အချိန်မှာ ကျင်းပသွားဖို့ စီစဉ်ထားကြပါတယ်။