၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခရိုအေးရှားရဲ့ နည်းပြချုပ်ဖြစ်သူ ဒါလစ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ နာမည်ကြီး ဘရာဇီးလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ ပစ်မှတ်ဟာ ဆီမီးဖိုင်နယ် မဟုတ်ပဲ ဖိုင်နယ်ဆီ ရောက်အောင် ကြိုးစားသွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ဒါလစ် ဦးဆောင်နေတဲ့ ခရိုအေးရှားက ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီးမှ ပြင်သစ်ရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရတာ ဖြစ်ပေမယ့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခပ်စောစောပဲ ပြိုင်ပွဲကနေ ထွက်ခွာရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

Photo Credit: Reuters

ဒါပေမယ့် ခရိုအေးရှားက မိုဒရစ် ၊ ကိုဗာဆစ်နဲ့ ဘရိုဇိုဗစ်တို့ ဦးဆောင်နေတဲ့ ကွင်းလယ်ရဲ့ မောင်းနှင်နိုင်စွမ်းကြောင့် သူတို့ကို မယုံကြည်တဲ့ လူတွေဟာ မှားယွင်းကြောင်းကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ပြီး ၁၆သင်း ရှုံးထွက်အဆင့်မှာ ဂျပန် ၊ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ် စတဲ့ အသင်းတွေကို ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီ ကမ္ဘာ့ဖလား ၂ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားက နယ်သာလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး အာဂျင်တီးနားမှာ မက်ဆီ ၊ ဒီမာရီယာ ၊ မာတီနက်ဇ် စတဲ့ ကြယ်ပွင့် ကစားသမားတွေ ရှိနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေက ခရိုအေးရှားဟာ အာဂျင်တီးနားနဲ့ပွဲမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်ထားကြပေမယ့် ခရိုအေးရှားနည်းပြ ဒါလစ်ကတော့ သူတို့အသင်းဟာ ဆီမီးဖိုင်နယ်လောက်နဲ့ ကျေနပ်မယ့် အသင်းမျိုး မဟုတ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Reuters

ဒါလစ်က – “ဒီနိုင်ပွဲက ခရိုအေးရှား ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ပွဲပါ။ (ဘရာဇီးလ်ကို အနိုင်ရတဲ့ပွဲအား ရည်ရွယ်လျက်) ကျွန်တော်တို့က ပထမဦးဆုံးမိနစ် ကနေ နောက်ဆုံးမိနစ် အထိ အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းကို ဖြုတ်ချနိုင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေရာမှာတင် (ဆီမီးဖိုင်နယ်မှာ) ရပ်တန့်သွားမယ့် အသင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ရသလောက် ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီနိုင်ပွဲက ကစားသမားတိုင်းရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် ရလာတဲ့ နိုင်ပွဲမျိုးပါ။ အရန်ခုံတန်းမှာ ရှိနေတဲ့ ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ရဲ့ တစိတ်တပိုင်းပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။