ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တပွဲ ဖြစ်တဲ့ အာဂျင်တီးနား ၃-၀ ခရိုအေးရှား ပွဲအပြီးမှာတော့ ခရိုအေးရှားနည်းပြ ဒါလစ်က သူတို့အသင်းဟာ မက်ဆီကြောင့်သာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ရတာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒါလစ်ရဲ့ ခရိုအေးရှားက ကွာတားဖိုင်နယ်မှာ နာမည်ကြီး ဘရာဇီးလ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားက မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Sky Sports

ခရိုအေးရှားနဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး နှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် သိပ်မရှိခဲ့ပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ သူမတူတဲ့ ခြေစွမ်းတွေကြောင့် အာဂျင်တီးနားဟာ ခရိုအေးရှားကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

အာဂျင်တီးနား အတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၄မိနစ်မှာ အသင်းခေါင်းဆောင် မက်ဆီက ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ခရိုအေးရှားက ချေပဂိုး ပြန်လည် သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် အယ်ဗာရက်က ပွဲချိန် ၃၉မိနစ်မှာပဲ အာဂျင်တီးနား အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Sky Sports

၂-၀ ဆိုတဲ့ ရလဒ် ဖြစ်သွားချိန်မှာ အာဂျင်တီးနားက ပွဲကို ထိန်းကစားဖို့ ကြိုးစားသွားခဲ့ပြီး ခရိုအေးရှားကတော့ ချေပဂိုးတွေ သွင်းယူနိုင်ဖို့ တိုက်စစ်မှူးတွေ ထည့်သွင်းခဲ့ပေမယ့် အာဂျင်တီးနားရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန် ၆၉မိနစ်မှာတော့ အာဂျင်တီးနားက ပွဲသိမ်း အနိုင်ဂိုးကို ရခဲ့ပြီး မက်ဆီက သူ့ရဲ့ တကိုယ်တော် စွမ်းဆောင်ရည်နဲ့ ခရိုအေးရှား နောက်ခံလူ ၃ဦးကို လိမ်ခေါက် ဖြတ်ကျော်ကာ အယ်ဗာရက် အတွက် လှလှပပ ဖန်တီးပေးခဲ့တာပါ။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ခရိုအေးရှားနည်းပြ ဒါလစ်က မက်ဆီရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့ပြီး သူတို့ဟာ မက်ဆီကြောင့်သာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ရတာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဒါလစ်က – “မက်ဆီရဲ့ အရည်အချင်းတွေ အကြောင်းကို များများစားစား ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။ သူက ပြီးခဲ့တဲ့ ၁၅နှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့သူပါ။ ဒီနေ့ပွဲမှာလည်း သူ့ရဲ့ ခြေစွမ်းက အရမ်းကို ကောင်းခဲ့သလို ကျွန်တော်တို့အသင်းကို ဒုက္ခအပေးနိုင်ဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ မက်ဆီရဲ့ ခြေစွမ်းတွေကြောင့်ပဲ အာဂျင်တီးနားနဲ့ ကျွန်တော်တို့ အသင်းရဲ့ ကြားထဲမှာ ကွာဟချက်တွေ ဖြစ်သွားခဲ့တာပါ။ သူက အရမ်းကို ပေါက်ကွဲအား ကောင်းသလို အရည်အသွေးပိုင်းမှာလည်း အံ့ဩလောက်စရာ စွမ်းဆောင်ရည်ကို ပြသသွားနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့တွေ မြင်ချင်နေကြတဲ့ မက်ဆီအစစ်ပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။