MySport Myanmar

ရပ်ရှ်ဖို့ဒ်ရဲ့ ဂျာစီကို သူ့အိမ်မှာ ချိတ်ဆွဲထားတယ်လို့ ဆိုလိုက်တဲ့ ကူညာ

မန်ချက်စတာ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာဟာ အသင်းမှာ နံပါတ် (၁၀)ဂျာစီကို ဝတ်ဆင်ရဖို့ သတ်မှတ်ခံရပြီး ရက်အနည်းငယ်အကြာမှာပဲ ယခင် ကျောနံပါတ် (၁၀) ပိုင်ရရှင်ဟောင်း မားကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ မန်ယူဂျာစီတစ်ထည်ကို သူ့အိမ်မှာ ချိတ်ထားတယ် လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင် ကူညာဟာ ဝုဗ်လ်ကနေ ပေါင်(၆၂.၅)သန်းနဲ့ ပြောင်းရွှေ့လာပြီး ရက်သတ္တပတ်အနည်းငယ်အကြာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာပဲ မန်ယူရဲ့ နံပါတ် (၁၀) ကစားသမားသစ်အဖြစ် တရားဝင် ကြေညာခဲ့ပါတယ်။ ဇလာတန် အီဘရာဟီမိုဗစ် ၂၀၁၇/၁၈ ရာသီမှာ အသင်းက ထွက်ခွာသွားပြီးနောက်ပိုင်း နံပါတ် (၁၀) ဂျာစီကို မားကပ်စ် ရပ်ရှ်ဖို့ဒ်က ဝတ်ဆင်ခဲ့တာပါ။

Photo Credit : Tribuna

ဒါပေမဲ့ ဒီရာသီအစောပိုင်းမှာ ရပ်ရှ်ဖို့ဒ်နဲ့ နည်းပြ ရူဘင် အမ်မိုရမ်တို့ကြား ပြင်းထန်တဲ့ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရပ်ရှ်ဖို့ဒ်ရဲ့ အနာဂတ်က မန်ယူအသင်းမှာ ရှိမနေတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ် ကူညာဟာ ဟာသာဘာလင်နဲ့ ဝုဗ်လ်တို့လို အရင်ကစားခဲ့ဖူးတဲ့ ကလပ်တွေမှာလည်း နံပါတ် (၁၀) ဂျာစီကို ဝတ်ဆင်ဖူးတာကြောင့် ဒီနံပါတ်အပေါ် အမြဲတန်ဖိုးထားခဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ ကလပ်အသစ် မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကူညာက မန်ယူရဲ့ နံပါတ် (၁၀) ဂျာစီရဲ့ အမွေအနှစ်အပေါ် အထူးအလေးထားပြောခဲ့ပြီး မန်ယူကနေ ထွက်ခွာတော့မယ့် ရပ်ရှ်ဖို့ဒ်ကိုလည်း လေးစားကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit : BBC

ကွန်ယာက “ကျွန်တော် ဒီဂျာစီအကြောင်းကို အမြဲတမ်း တွေးနေခဲ့တာ။ ကျွန်တော် တွေးမိတာကတော့ ဝိန်း ရွန်နီပါပဲ၊ ကျွန်တော် သူ့ကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာ။ ဗန် နစ္စတဲရွိုင်း၊ အီဘရာဟီမိုဗစ်တို့လို ကစားသမားတွေလည်း ရှိသေးတယ်။ ကျွန်တော် မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့လည်း ဂျာစီလဲခဲ့ဖူးတယ်။ သူ့ဂျာစီ ကျွန်တော့်အိမ်မှာ ရှိပါတယ်။” လို့ ပြောပါတယ်။

ကူညာဟာ ဒီအပြောင်းအရွှေ့ကာလမှာ မန်ယူရဲ့ အဓိက ခေါ်ယူမှုဖြစ်ပြီး အသင်းနဲ့အတူ ရာသီကြို ပြင်ဆင်မှုတွေ စတင်ဖို့ ပြင်ဆင်နေပါပြီ။ ကူညာက “စတင်ဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဘောလုံးစကန်တဲ့အခါ ကျွန်တော် နည်းနည်း ပိုပြီး စိတ်အေးအေးထားနိုင်ပြီး ကွင်းထဲမှာ ပုံမှန်ခံစားရပါလိမ့်မယ်။ ပထမဆုံးအကြိမ် ဂျာစီကို ဝတ်လိုက်ရတာကတော့ အမှတ်တရတစ်ခု ဖြစ်လာမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

Exit mobile version