ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူဟောင်း ဖြစ်သူ ကန်ဒီ ကတော့ ပြီးခဲ့တဲ့ အီတလီ စူပါဖလား ဗိုလ်လုပွဲမှာ နာပိုလီအသင်းဘက်ကို သွင်းဂိုး တစ်ဂိုး သွင်းယူပြီး ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တဲ့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူး ပြောဆို သွားခဲ့ပါတယ်။ မကြာခင်မှာ အသက် ၃၆နှစ် ပြည့်တော့မယ့် ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ နာပိုလီအသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် သူ့ရဲ့ ကစားသမား ဘဝ သွင်းဂိုး စုစုပေါင်းဟာ ၇၆၀ဂိုး အထိ ရှိခဲ့ပြီး အဆိုပါ သွင်းဂိုး ပမာဏကြောင့် ရိုနယ်ဒိုဟာ ဘောလုံးသမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပါ။

Photo Credit: Talksport

ဒါပေမယ့် ချက်ဘောလုံးအဖွဲ့ချုပ် ကတော့ သူတို့နိုင်ငံရဲ့ ဂန္တဝင် ကစားသမားကြီး ဖြစ်သူ ဂျိုးဆပ် ဘီကန်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ သွင်းဂိုး ၈၁၀ဂိုး အထက်ကို သွင်းယူနိုင်ခဲ့သူ ဖြစ်ကြောင်းနဲ့ ရိုနယ်ဒိုရဲ့ စံချိန်ဟာ တရားမဝင်သေးကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးလ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို ၃ကြိမ်တိုင်တိုင် ရယူထားနိုင်ခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ ဆန်းတို့စ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီကလည်း သူဟာ ကစားသမား ဘဝမှာ သွင်းဂိုး ၁၀၀၀ကျော် သွင်းယူနိုင်ခဲ့ကြောင်း သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ခဲ့ပါသေးတယ်။ အဆိုပါ ပြောဆိုမှုတွေကြောင့် လတ်တလောမှာ ရိုနယ်ဒိုရဲ့ စံချိန်နဲ့ ပတ်သတ်ပြီး အနည်းငယ် အငြင်းပွားမှုတွေ ဖြစ်နေပေမယ့် ကန်ဒီကတော့ ရိုနယ်ဒိုဟာ ပီလီထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်ကြောင်း ဆိုသွားပါတယ်။

Photo Credit: Talksport

ရိုနယ်ဒိုနဲ့ ပီလီမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ကန်ဒီက “ ကျွန်တော်က ပီလီ ဘောလုံး ကစားတာကို တစ်ခါမှ မမြင်ဖူးပါဘူး။ အဲ့ဒီလိုပဲ မြင်ဖူးတဲ့ လူတွေ အများစု ကလည်း မရှိကြတော့ဘူးလေ။ တကယ်လို့ ခင်ဗျားက ပီလီ ကစားတာကို ကြည့်ဖူးရင် ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး သူ့ရဲ့ ကစားပုံက ဘယ်လိုလဲ ဆိုတာ ပြောပြစမ်းပါ။ ကျွန်တော် သိတာကတော့ ပီလီနဲ့ ပတ်သတ်ပြီး ရုပ်ရှင်ကား တစ်ကားရှိတယ် ဆိုတာပါပဲ။ ပီလီက ညံ့ဖျင်းတဲ့ ကစားသမားလို့ ကျွန်တော် မပြောပါဘူး။ ဘယ်တော့မှလည်း ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ သွင်းဂိုးတချို့ဟာ လံကြုတ်တွေ လို့ပဲ ထင်ပါတယ်။ အဲ့ဒါက တချို့လူတွေ ကိုယ့်ရဲ့ Golf Card တွေနဲ့ ကိုယ့်ဟာကိုယ် ကျင်းဝင်တဲ့ နံပါတ်တေွ မှတ်တာနဲ့ အတူတူပါပဲ။ ပီလီက ဒီလိုမျိုး လုပ်ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့ကြောင့် ရိုနယ်ဒိုက ပီလီထက် ပိုပြီး ကောင်းတာပါ” လို့ ပြောကြား သွားပါတယ်။