ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ ရင်ဆိုင်ကစားခဲ့ပြီး အဆိုပါ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်လူ ဟားဗက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရကာ အသင်းရဲ့ သမိုင်းတလျှောက် ဒုတိယမြောက် ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံမှာ ကစားခဲ့တဲ့ အဆိုပါ ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြကာ နည်းပြနှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေကို မြင်ရသလို နှစ်သင်းစလုံးရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆေးလ်ဗားနဲ့ ဒီဘရိုင်းတို့ ဒဏ်ရာတွေကြောင့် ထွက်ခွာရတဲ့ အချိန်တွေမှာ ဝမ်းနည်းပက်လက် ဖြစ်ခဲ့တဲ့ မြင်ကွင်းတွေဟာ ပရိသတ်တွေ အတွက် အကောင်းဆုံး ချန်ပီယံလိဂ် ညချမ်းတခု ဖြစ်စေခဲ့ပါတယ်။

Photo Credit: UEFA

ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာ အဓိကကျခဲ့တဲ့ ကစားသမားတဦး ကတော့ ကြွက်ကလေးလို့ လူသိများတဲ့ အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကန်တီဖြစ်ပြီး ကန်တီရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေ ၊ ဆုံးဖြတ်ချက်မှန်မှန်နဲ့ ဘောလုံးလမ်းကြောင်း ဖြတ်တောက်မှုတွေက မန်ချက်စတာ စီးတီးအသင်းကို ဒုက္ခရောက်စေခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းကို အလုပ်ရှုပ် သက်သာစေခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ ကန်တီဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ပွဲအပြီးမှာ ရရှိခဲ့သလို ကန်တီဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့နဲ့ ဒုတိယအကျော့ ပွဲစဉ်တွေရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ရရှိခဲ့တာကြောင့် လက်ရှိ ချန်ပီယံလိဂ် ဘောလုံးရာသီရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: UEFA

ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာ ကတော့ သူ့ရဲ့ အသင်းဖော် ကန်တီဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ ကန်တီနဲ့ ပတ်သတ်ပြီး ကွီတာက – “ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူ(ကန်တီ)ဟာ အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်နေပါပြီ။ သူ့မှာ အရည်အချင်း အကုန် ရှိပါတယ်။ သူက ကျွန်တော်တို့ အတွက် အားအင်တွေ ယူလာပေးတယ်။ ဒီညမှာ သူ ဘောလုံးကို ဘယ်နှကြိမ်လောက် ပြန်ဆယ်ပေးခဲ့လဲ ဆိုတာကိုတောင် ကျွန်တော် မမှတ်မိတော့ပါဘူး။ ပြီးတော့ သူ့ရဲ့ ဘောလုံးကို ရှေ့တန်းအထိ သယ်ယူမှုတွေ ၊ နေရာလွတ်တွေကို ကာကွယ်ပေးမှုတွေက တကယ်ကို မယုံနိုင်စရာပါ။ သူ့လို ကစားသမားမျိုးကို ရထားတာက အရမ်းကို ထူးခြား ကောင်းမွန်ပါတယ်။ သူ မရှိတဲ့ အချိန် သူ့ကို ကျွန်တော်တို့တွေ သတိရတာကလည်း အသေအချာပါပဲ။ သူဟာ ကမ္ဘာ့ဖလားကို ရခဲ့တယ်။ အခု ချန်ပီယံလိဂ်ဖလားကို ထပ်ရတယ်။ ဒါပေမယ့် သူက နှိမ့်ချတတ်တဲ့ လူတယောက် ဖြစ်နေဆဲပါ” လို့ ပြောကြား သွားခဲ့တာပါ။