MySport Myanmar

ချန်ပီယံလိဂ် ပြန်ကစားရဖို့က သူတို့အသင်းရဲ့ အဓိက ပစ်မှတ်လို့ ကူကူရယ်လာ ဖွင့်ဟ

ချယ်လ်ဆီးအသင်းရဲ့ စပိန် ဘယ်နောက်ခံကစားသမား မာ့ခ် ကူကူရယ်လာက ဒီရာသီ သူတို့အသင်းအတွက် အဓိက ရည်မှန်းချက်ဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပြန်လည် ပါဝင်ဆင်နွဲခွင့် ရရှိဖို့ပဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီရာသီ နည်းပြသစ် အန်ဇို မာရက်စ်ကာလက်ထက် ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ တက်ရိပ်ပြသလို့နေပြီး ပြိုင်ပွဲစုံ (၁၂)ပွဲအထိ ကစားပြီးချိန် မန်စီးတီးနဲ့ လီဗာပူးလ်တို့ကိုသာ အရှုံးပေးထားခဲ့ရပြီး ကျန်တဲ့ (၁၀)ပွဲကိုတော့ ရှုံးပွဲမရှိအောင် ကစားနိုင်တဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း (၈)ပွဲကစား (၁၄)မှတ် ရထားခဲ့ပါတယ်။

Photo Credit : Chelsea Football Club

ပြီးခဲ့တဲ့ ဘောလုံးရာသီကထက်စာရင် ရလဒ်ပိုင်းတွေ စွမ်းဆောင်ရည်ပိုင်းတွေ ပိုမို ကောင်းမွန်လာခဲ့တဲ့ ချယ်လ်ဆီးက ဒီရာသီမှာ Top 4 အတွင်း ဝင်နိုင်အောင် အဓိကထား ကြိုးပမ်းသွားဖို့ ရှိနေပြီး ပြည်တွင်းဆုဖလားတွေနဲ့ ကွန်းဖရန့်စ်လိဂ်ဖလား ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု ရယူသွားဖို့ ရည်မှန်းထားပါတယ်။

အသင်းရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ဘယ်နောက်ခံလူ ကူကူရယ်လာက “ကျွန်တော် ချယ်လ်ဆီးအသင်းမှာ အတော်လေးကို ပျော်ရွှင်နေပါတယ်။ ကျွန်တော့်မိသားစုဝင်တွေကလည်း လန်ဒန်မှာ နေထိုင်ရတာကို ပျော်ရွှင်နေကြတယ်။ ကျွန်တော်အသင်းဟာ တကယ်ကောင်းမွန်တဲ့ ပရိသတ်တွေနဲ့အတူ ထိပ်တန်းအသင်း တစ်သင်းလည်း ဖြစ်ပါတယ်။”

Photo Credit : Youtube

“ဒီအသင်းမှာ အချိန်တော်တော်ကြာအောင် နေနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အခု ကျွန်တော်တို့အသင်းရဲ့ အဓိကပစ်မှတ်က လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပြန်လည် ဆင်နွဲခွင့် ရရှိဖို့အတွက်ပါပဲ။” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ Top 4 ဝင်ခွင့်အတွက်ဆိုရင် ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံရတဲ့ ပွဲတွေမှာ ရလဒ်သိပ်မဆိုးအောင် အနိမ့်ဆုံး သရေရလဒ်လောက် ရရှိအောင် ကစားနိုင်ဖို့အတွက် လိုအပ်နေတဲ့အပြင် နိုင်ပွဲရဖို့ သေချာနေတဲ့ ပွဲစဉ်တွေမှာဆိုရင်လည်း ခြေချော်လက်ချော် မဖြစ်အောင် အထူး ဂရုစိုက်ဖို့ပါ လိုအပ်နေပါတယ်။

Exit mobile version