MySport Myanmar

ဖိုင်နယ်ပွဲမှာ ပါလ်မာကို အရန်ခုံမှာပဲ ရှိစေချင်တယ်လို့ ကူကူရယ်လာ ဖွင့်ဟ

စပိန် လက်ရွေးစင်အသင်းရဲ့ ဘယ်နောက်ခံကစားသမား မာ့ခ် ကူကူရယ်လာက ယူရို-၂၀၂၄ ဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက် အင်္ဂလန်အသင်းဘက်က တိုက်စစ်ကစားသမား ကိုး ပါလ်မာကို အရန်ကစားသမားစာရင်းမှာပဲ ပါဝင်လာစေချင်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

စပိန်နဲ့ အင်္ဂလန်အသင်းတို့ဟာ မနက်ဖြန်မှာပဲ ဂျာမနီနိုင်ငံ ဘာလင်မြို့က Olympiastadion ဘောလုံးကွင်းကြီးထဲ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကြီးကို ဆင်နွဲကြရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲဟာ နှစ်သင်းလုံးအတွက် အရေးပါလို့နေပြီး အင်္ဂလန်အသင်းအတွက် ပထမဆုံးသော ယူရိုဖလား ဖြစ်လာနိုင်သလို စပိန်အသင်းအတွက်ကလည်း (၁၂)နှစ်တာ ကာလအတွင်း ပထမဆုံး ဆုဖလားပါ ဖြစ်လာနိုင်ပါတယ်။

Photo Credit : ESPN

စပိန်က ဒီပြိုင်ပွဲ မကျင်းပခင်က ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ မပါဝင်ခဲ့ပေမယ့်လည်း ပြိုင်ပွဲကျင်းပချိန်မှာတော့ စပိန်ဟာ ရေပန်းအစားဆုံး အသင်းတစ်သင်း ဖြစ်လာခဲ့ရပါတယ်။ အင်္ဂလန်ကတော့ ယူရိုပြိုင်ပွဲ မတိုင်ခင်က ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲစတင်ချိန်မှာ ချန်ပီယံ ခြေစွမ်းမပြနိုင်ခဲ့ပဲ လိမ်ဖယ် လိမ်ဖယ်နဲ့သာ ဖိုင်နယ်ထိ တက်လှမ်းခဲ့ပါတယ်။

လက်ရှိမှာ စပိန်ရော အင်္ဂလန်အတွက်ပါ ယူရို ချန်ပီယံ ဖြစ်လာဖို့ အခွင့်အရေးဆတူ ရှိနေပေမယ့် စပိန်ကတော့ အင်္ဂလန်ထက် ပိုပြီး ရေပန်းစားနေပါတယ်။ ဒီဖိုင်နယ်ပွဲနဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြားက ကစားသမားတွေမှာလည်း သုံးသပ် ပြောဆိုမှုတွေ ရှိလာခဲ့သလို အခု ကူကူရယ်လာကလည်း ဖိုင်နယ်မှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတော့မယ့် ချယ်လ်ဆီးအသင်းဖော် ပါလ်မာအကြောင်းကို ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

“ကျွန်တော်တို့တွေ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စကားပြောဆိုဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်တို့ ပြောဆိုခဲ့တာတွေကတော့ ပြီးခဲ့တဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေအကြောင်းကို ပြောဆိုခဲ့တာပါ။ ကျွန်တော့်အတွက်ဆိုရင်တော့ ဒီပွဲမှာ သူ ပါဝင်ကစားခြင်း မရှိပဲ အရန်ခုံမှာပဲ ရှိနေတာက ပိုပြီးကောင်းပါလိမ့်မယ်။” ကူကူရယ်လာက ပြောဆိုသွားခဲ့ပါတယ်။

ပါလ်မာဟာ အင်္ဂလန်ရဲ့ ယူရို ကစားသမားစာရင်းမှာပါ ရွေးချယ်ခံခဲ့ရပေမယ့်လည်း အခုအချိန်ထိ တစ်ပွဲမှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရခြင်း မရှိသေးပဲ အုပ်စုနောက်ဆုံးပွဲကနေ ဆီမီးအထိ လူစားဝင်အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပါလ်မာက နယ်သာလန်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ လူစားဝင် ကစားခဲ့ရင်း အင်္ဂလန်အတွက် အနိုင်ဂိုးကို ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

Exit mobile version