ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ကူကူရယ်လာက ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ ဘရိုက်တန်ထံ တရားဝင် တောင်းဆိုလိုက်ကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် စပိန် ဘယ်နောက်ခံလူ ကူကူရယ်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂီတာဖေး ကနေ ဘရိုက်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ ၅ဦး စာရင်းဝင်ခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူပါ။

Photo Credit: Mirror

ဒါကြောင့်ပဲ ယခု နွေဈေးကွက် အတွင်းမှာ ဘယ်နောက်ခံလူ တဦး ဖြစ်သူ ဇင်ချန်ကိုကို အာဆင်နယ်ထံ ရောင်းထုတ်ခဲ့ရတဲ့ မန်ချက်စတာ စီးတီးက ကူကူရယ်လာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးက ကူကူရယ်လာ အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်ဘက်က မန်ချက်စတာ စီးတီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

Photo Credit: Mirror

ဘရိုက်တန်က သူတို့ရဲ့ အဓိက ဘယ်နောက်ခံလူ ကူကူရယ်လာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း အထိ လိုချင်နေပြီး မန်ချက်စတာ စီးတီးကတော့ ကူကူရယ်လာ အတွက် အလွန်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင်သာ သုံးစွဲချင်နေတာကြောင့် နှစ်သင်းကြားမှာ ကူကူရယ်လာ အတွက် သဘောတူညီမှု ရဖို့ ခဲယဉ်းနေပါတယ်။

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ ကူကူရယ်လာက မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ယနေ့ညမှာပဲ ကူကူရယ်လာဟာ ဘရိုက်တန်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့ကို မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။