MySport Myanmar

အသင်းဖော်တွေ မဖြစ်လာခင်ကတည်းက အန်ဇိုကို သဘောကျနေခဲ့သူ ကူကူရယ်လာ

ချဲလ်ဆီးအသင်းရဲ့ နောက်ခံအစွန်လူ မက်စ်ကူကူရယ်လာက အာဂျင်တီးနား ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ဟာ သူနဲ့ ကလပ်အသင်းဖော်တွေ မဖြစ်လာခင်ကတည်းက သူရဲ့ ခြေစွမ်းတွေကို အလွန် သဘောကျခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Forbes

တောင်အမေရိက ကြယ်ပွင့်လေး အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီနှစ် ဘောလုံးရာသီအစမှာပဲ ရေးဗားပလိတ်အသင်းကနေ ဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့လာခဲ့ရပြီး ဘင်ဖီကာနဲ့ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်း ပြသနိုင်ခဲ့သလို ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမှာလည်း ဘင်ဖီကာအတွက် အကောင်းဆုံးသော performances တွေ ပြနိုင်ခဲ့လို့ အာဂျင်တီးနား လက်ရွေးစင်အသင်းက ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ရာ ဒီပြိုင်ပွဲကြီးအတွင်းမှာလည်း အာဂျင်တီးနားနဲ့ပါ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ရသလို ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရပြန်ပါတယ်။

Photo Credit : Football London

ကမ္ဘာ့ဖလားမှာ အတော်လေး အောင်မြင်ခဲ့တဲ့ အန်ဇိုက ဘင်ဖီကာအသင်းနဲ့ တစ်ရာသီတောင် မဖြတ်သန်းရသေးခင်မှာပဲ ချဲလ်ဆီးအသင်းဆီကို ကလပ်စံချိန်တင် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ပါ ထပ်မံ ပြောင်းရွှေ့လာခဲ့ရပါတယ်။ အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ အန်ဇိုဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် အသင်း ကွင်းလယ်မှာ ပါဝင်ကစားလို့နေပြီး သူ့အသင်းဖော် ကူကူရယ်လာကလည်း အန်ဇိုကို သူ ဘယ်လောက်အထိ သဘောကျခဲ့ရကြောင်းကိုပါ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football365

ကူကူရယ်လာက “ကျွန်တော် အာဂျင်တီးနားအသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရှုဖြစ်ခဲ့တာက ကျွန်တော့် အသင်းဖော်ဟောင်း အယ်လစ္စတာကြောင့်ပါ။ ပြီးတော့ ကြည့်နေရင်းနဲ့ ကျွန်တော် နံပါတ်(၂၄) ဝတ်ဆင်ထားတဲ့ ကစားသမားကို တကယ် သဘောကျလာခဲ့တယ်။ သူက အရမ်းကောင်းတယ်။ အဲ့ဒါနဲ့ ကျွန်တော် အာဂျင်တီးနားပွဲတွေ ဆက်ကြည့်ဖြစ်တော့တာပဲ။ ပြီးတော့ မိသားစုဝင်တွေ သူငယ်ချင်းတွေကိုလည်း နံပါတ်(၂၄)က အရမ်းကောင်းတဲ့ ကစားသမားဆိုပြီးပါ ပြောမိသေးတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကျောနံပါတ် (၂၄)ကို ဝတ်ဆင်ပြီး အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version