MySport Myanmar

သီယာဂို ဆေးလ်ဗားကို ဂန္တဝင်ကစားသမားကြီးလို့ တင်စားလိုက်တဲ့ ကူကူရယ်လာ

ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကလပ် ဖလူမီနန်စီအသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး အသင်းဖော်ဟောင်းဖြစ်သူ သီယာဂို ဆေးလ်ဗားကို ဂန္တဝင်ကစားသမားကြီး တစ်ဦးအဖြစ် ချီးကျူးပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးနဲ့ ဖလူမီနန်စီအသင်းတို့ဟာ ဇူလိုင်လ ၈ ရက် အင်္ဂါနေ့ညမှာ ကလပ်ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့အသင်းဟာ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကစားမယ့် ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး ရီးရဲလ် မက်ဒရစ် ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းဖော်ဟောင်းများစွာအတွက်တော့ အသက်(၄၀)အရွယ် ခံစစ်ကစားသမားကြီး သီယာဂို ဆေးလ်ဗားနဲ့ ပြန်လည်ဆုံတွေ့ရမယ့်ပွဲလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကူကူရယ်လာကတော့ ဆေးလ်ဗားရဲ့ အရည်အသွေးတွေကို အခုလိုပဲ ချီးကျူးခဲ့ပါတယ်။

Photo Credit : Goal

သီယာဂို ဆေးလ်ဗားဟာ အသက်(၄၀) ရှိပြီဖြစ်ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ကတော့ အရင်အတိုင်း တည်ငြိမ်နေဆဲပါ။ ဒီပြိုင်ပွဲမှာ ဖလူမီနန်စီအသင်းအတွက် ခံစစ်ကို အကောင်းဆုံး ဦးဆောင်ပြီး (၅)ပွဲမှာ (၃)ဂိုးသာ ပေးထားရပါတယ်။ အင်တာမီလန် ဒေါ့မွန်တို့လို ဥရောပအသင်းကြီးတွေကို ဂိုးမပေးရအောင် စွမ်းဆောင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ အယ်လ်ဟီလာကို အနိုင်ယူကာ အကြိုဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လမှာ သူ့ရဲ့ ကစားသမားဘဝအစပြုခဲ့ရာ ဘရာဇီးလ်ကလပ်ကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာချိန်ကစပြီး အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့သလို အခုရာသီမှာလည်း အသင်းခေါင်းဆောင်အဖြစ် ဘရာဇီးလ် အမှတ်ပေးလိဂ်မှာ အဆင့်(၆)နေရာအထိ ရောက်အောင် စွမ်းဆောင်ပေးထားပါတယ်။

Photo Credit : Football Insider

ကူကူရယ်လာက “ကျွန်တော်တို့ သူတို့ပွဲတချို့ကို ကြည့်ပြီးပါပြီ။ သူတို့မှာ ကစားသမားကောင်းတွေ အများကြီးရှိတယ်။ စိတ်ဓာတ်လည်း အရမ်းပြင်းထန်တယ်။ ပြီးတော့ သီယာဂို ဆေးလ်ဗားလည်း ရှိနေတယ်။ သူက ဘောလုံးလောကရဲ့ ဒဏ္ဍာရီတစ်ယောက်ပါ၊ ထိပ်တန်းကစားသမားစစ်စစ်ပဲ။ သူက အသင်းကြီးတွေမှာပဲ ကစားခဲ့တဲ့သူပါ။ ကွာတားဖိုင်နယ်မတိုင်ခင် သူက ကျွန်တော့်ကို စာပို့ပြီး ‘ကဲ… သွားကြတာပေါ့၊ နောက်ရက်အနည်းငယ်အတွင်းမှာ မင်းနဲ့တွေ့ရမယ်လို့ မျှော်လင့်ပါတယ်’ လို့ ပြောခဲ့တယ်။ ကျွန်တော်လည်း ‘သွားကြတာပေါ့ သူငယ်ချင်း!’ ဆိုပြီး စာပြန်ပို့ခဲ့ပါတယ်။ အခုတော့ သူ့ကို ပြန်ရင်ဆိုင်ခွင့်ရပြီပေါ့။ နိုင်ပွဲယူပြီး ဗိုလ်လုပွဲတက်နိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဖလူမီနန်စီအသင်းဟာ တောင်အမေရိကအသင်းတွေရဲ့ ထုံးစံအတိုင်း ပွဲပြီးတဲ့အထိ အရှုံးမပေးဘဲ တိုက်ပွဲဝင်တတ်တဲ့အသင်းဖြစ်ကြောင်း ကူကူရယ်လာက သုံးသပ်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ အသင်းနှစ်သင်းလုံးအတွက် အရေးပါနေပါတယ်။ ချယ်လ်ဆီးအသင်းအတွက်တော့ နည်းပြအန်ဇို မာရက်စကာရဲ့ ပထမဆုံးရာသီကို အောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ဖို့ အခွင့်အရေးဖြစ်သလို ဖလူမီနန်စီအသင်းအတွက်ကတော့ ၂၀၁၂ နောက်ပိုင်း ဒီဖလားကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ဘရာဇီးလ်ကလပ်အဖြစ် သမိုင်းဝင်အောင်မြင်မှုကြီးတစ်ခုကို ရယူနိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Exit mobile version