အင်တာမီလန်အသင်းကတော့ ဒီနွေမှာ ပြင်သစ် တိုက်စစ် ကစားသမား မားကပ်စ် သူရမ်ကို မိုချန်ဂလာဘတ်အသင်းကနေ အလွတ်နဲ့ ခေါ်ယူခဲ့ပြီးနောက် အခုလည်း နောက်ထပ် အလွတ် ခေါ်ယူမှုတစ်ခုကို ထပ်မံ လုပ်ဆောင်နိုင်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကတော့ ပြိုင်ဘက် ဂျုဗင်တပ်စ် ကစားသမားတစ်ဦးကို အလွတ်နဲ့ ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ သူကတော့ ဝါရင့် ကစားသမားကြီး ဟွမ် ကွာဒရာဒိုပါ။
Photo Credit : Twitter
အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကိုလံဘီယာ ကစားသမားကြီး ကွာဒရာဒိုက ၂၀၁၅ခုနှစ်ကတည်းက ဂျုဗင်တပ်စ်မှာ ပါဝင် ကစားခဲ့တာဖြစ်ပြီး ဒီနွေမှသာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ free agent player တစ်ဦး ဖြစ်နေပေမယ့် လက်ချီ အူဒီးနီးစ် ဖီအိုရင်တီးနား ဂျုဗင်တပ်စ်တို့နဲ့အတူ အီတလီ စီးရီးအေ ဘောလုံးရပ်ဝန်းမှာ နှစ်ပေါင်းများစွာ ကျင်လည် ဖြတ်သန်းခဲ့ဖူးပြီး ညာခြမ်း နေရာအစုံ လိုက်ပါ ကစားနိုင်သူလည်း ဖြစ်လို့ ဒီလို ဝါရင့် ကစားသမားတွေဆို ခေါ်ယူတတ်လေ့ရှိတဲ့ အင်တာက ကွာဒရာဒိုကို အရ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Sport Brief
ကွင်းလယ် (၃)ယောက်တန်းမှာ ညာခြမ်း နေရာကနေ အဓိက ကစားသလို ညာတောင်ပံနေရာ နဲ့ ညာခြမ်း ခံစစ်နေရာတွေမှာပါ ကစားနိုင်သူ ကွာဒရာဒိုဟာ အသက်အရွယ်အားဖြင့် ရေတိုလောက်သာ အသုံးပြုနိုင်တော့မှာ ဖြစ်ပေမယ့်လည်း အဲ့ဒီ ကာလတိုလေးအတွင်းမှာပဲ အသင်းအတွက် အကောင်းဆုံး အကျိုးပြုပေးနိုင်တာဖြစ်လို့ အင်တာရဲ့ ခေါ်ယူမှုက ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာမှာ သေချာနေပါတယ်။ အင်တာက ကွာဒရာဒိုကို တစ်နှစ် စာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီး လာမယ့် တစ်ပတ်အတွင်းမှာပဲ ဆေးစစ်မှုတွေကိုပါ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး အင်တာမီလန်က အသင်း တိုက်စစ်ပိုင်းအတွက်ကိုလည်း အာဆင်နယ်ရဲ့ တိုက်စစ်မှူး ဘာလိုဂန် နဲ့ အသက်လက်တီကို မက်ဒရစ်က မိုရာတာတို့ကို ထပ်မံ ပစ်မှတ်ထားလျက် ရှိနေပါတယ်။