မနေ့ညက ရိုးမားအသင်းရဲ့ကွင်း အိုလံပီကိုကွင်းအတွင်းမှာ ကျင်းပယှဉ်ပြိုင်ခဲ့တဲ့ နာပိုလီအသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ကိုပါအီတလီယာဖိုင်နယ်ပွဲစဉ်အတွင်းမှာ ပွဲကစားချိန် မိနစ်ကိုးဆယ်အတွင်း နှစ်သင်းလုံး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာ နာပိုလီက ပင်နယ်တီမှာ (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပြီး ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ တောင်ပံကစားသမား ကွာဒရာဒိုကတော့ ပြိုင်ဘက်ရဲ့ခံစစ်ကစားပုံက သူတို့အသင်းအတွက် ခက်ခဲစေခဲ့တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းရဲ့ ကိုလံဘီယာလက်ရွေးစင် ကစားသမား ကွာဒရာဒိုက “ကျွန်တော်တို့ အသင်းသားတွေအားလုံးကို အနိုင်ရဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီး ဒီနေရာကို ရောက်လာခဲ့တာပါ။ ဒါပေမယ့် နာပိုလီကတော့ ကစားသမား(၁၁)ယောက်လုံးနဲ့ ကျွန်တော်တို့ကို ပိတ်ကစားသွားခဲ့လို့ ကျွန်တော်တို့တွေ နေရာလွတ်တောင် ရှာရခက်စေခဲ့တယ်။ ကျွန်တော်တို့တွေ ရှေ့ဆက်ပြီး လုပ်စရာတွေက ရှိနေပါသေးတယ်။ စီးရီးအေနဲ့ ချန်ပီယံလိဂ်ပွဲတွေကိုလည်း ဆက်ကစားရဦးမှာပါ။ ဒီရှံးပွဲမှာတော့ ကျွန်တော်တို့အတွက် ခါးသီးမှုတော့ ဖြစ်စေရတယ်”

Photo Credit : Getty Image

“ဘာကြောင့်လဲဆိုတော့ ဖလားတိုင်းကို ကျွန်တော်တို့ လိုချင်လို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အမြဲသတိရနေရမှာက ဂျုဗင်တပ်စ်ဆိုတဲ့ ကျွန်တော်တို့အသင်းက တကယ့်ကို ထိပ်တန်းအသင်းကြီးပါ။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲမှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ထားရပါမယ်။ ပွဲအတွင်းမှာတော့ ကျွန်တော်တို့တွေက အကောင်းဆုံးကစားနိုင်ခဲ့တယ်။ လျင်လျင်မြန်မြန် ရွှေ့လျားနိုင်ခဲ့တယ်။ နည်းပြညွှန့်ကြားထားတဲ့အတိုင်းလည်း ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုကောင်းဖို့တော့ လိုအပ်နေသေးသလို အဆုံးသတ်ပိုင်းတွေကိုလည်း သေချာနိုင်ဖို့ လိုပါသေးတယ်။ နာပိုလီကလည်း သူတို့အသင်းကို အကျစ်လစ်ဆုံးဖြစ်အောင် တည်ဆောက်လာခဲ့တာဖြစ်လို့ ကျွန်တော်တို့အတွက် ခက်ခဲစေခဲ့ရတယ်။ နေရာလွတ်တွေ လုံးဝကို ရှာမရခဲ့ဘူး။ ဖြတ်တင်ဘောတွေနဲ့ ကြိုးစားလာပြန်တော့လည်း သူတို့က ခံစစ်အတွင်းကနေ မြင်မြင်သမျှကို အကုန်ရှင်းထုတ်နေခဲ့တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။