ခရစ်စတယ် ပဲလေ့စ်အသင်းရဲ့ တောင်ပံ ကစားသမား အန်ဒရို တောင်ဆန်ကတော့ အသင်းဖော် ဇာဟာအနေနဲ့ အသင်းကြီးကို ပြောင်းပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်ပါတယ်လို့ ပြောခဲ့ပေမယ့်လည်း အသင်းက မထွက်သွားရင် ကျေးဇူးတင်မိမယ်လို့ ပြောကြားသွားပါတယ်။ ဇာဟာကတော့ ခရစ်စတယ် ပဲလေ့စ်အသင်းကို အသက် (၁၂) နှစ်အရွယ်မှာ ရောက်ရှိလာခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းကနေ မန်ယူအသင်းကို ပြောင်းသွားပြီးနောက် ခရစ်စတယ်ပဲလေ့စ်အသင်းကို (၂၀၁၅) ခုနှစ်မှာ ဒုတိယအကြိမ် အပြီးသတ် ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit: Goal

ဇာဟာကတော့ ခရစ်စတယ်ပဲလေ့စ်အသင်းမှာ ပထမအကြိမ် ကစားခဲ့စဉ်က အောင်မြင်မှု မရရှိခဲ့ပေမယ့်လည်း မန်ယူအသင်းကနေ ခရစ်စတယ်ပဲလေ့စ်အသင်းကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ အချိန်မှာတော့ ခြေစွမ်းပြကစားလာပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေခဲ့ရပါတယ်။ လက်ရှိမှာ ဇာဟာကို ခေါ်ယူဖို့ အဓိက စိတ်ဝင်စားနေတဲ့ အသင်းက အာဆင်နယ်အသင်း ဖြစ်ပြီး အသင်းဖော် တောင်ဆန်က ဇာဟာအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်ပေမဲ့လည်း အသင်းကနေ မထွက်သွားဘဲ ဆက်ရှိနေမယ် ဆိုရင် ကျေးဇူးတင်မိလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အန်ဒရို တောင်ဆန်က “တကယ်လို့ ဇာဟာအနေနဲ့ အသင်းက ထွက်သွားဖို့ ပြင်ဆင်နေတယ် ဆိုရင် ဒီဟာက အသင်းအတွက် အကျပ်အတည်း ဖြစ်သွားပါမယ်။ တကယ်လို့ သူက ကျွန်တော်တို့နဲ့ နောက်ထပ် ဆက်နေဖို့ ဆန္ဒမရှိတော့ဘူး ဆိုရင် ဒါက ဝမ်းနည်းစရာ ဖြစ်ပါလိမ့်မယ်။ သူက ကမ္ဘာ့ အသင်းကြီး တစ်သင်းမှာ ကစားနိုင်ဖို့ အရည်အချင်း ရှိပါတယ်။ သူက ကျွန်တော် တွဲကစားခဲ့ဖူးတဲ့ သူတွေထဲမှာ အရည်အချင်း အရှိဆုံး ကစားသမား ဖြစ်ပြီး သူအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားသင့်ပါတယ်။ သူ့ကို ခရစ်စတယ် ပဲလေ့စ်အသင်းမှာ ပိုင်ဆိုင်ရလို့ ကျွန်တော် ပျော်ရွှင်ပါတယ်။ အသင်းက လူတိုင်းလည်း ပျော်ကြတယ်။ တကယ်လို့ လက်ရှိရာသီ အပြောင်းရွေ့ ပြီးသွားတဲ့ အချိန်မှာ သူ အသင်းမှာ ဆက်ရှိနေတယ် ဆိုရင် ကျေးဇူးတင်ကြပါလိမ့်မယ်”လို့ ပြောသွားခဲ့ပါတယ်။