မန်ချက်စတာယူနိုက်တက် စပါး အာဆင်နယ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း ဖူလ်ဟမ်အသင်းမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့တဲ့ ဒိန်းမတ်နောက်ခံကစားသမား အန်ဒါဆန်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သူရဲ့နေအိမ်ကနေပဲ အတည်ပြုသွားခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လာမယ့်ဘောလုံးရာသီမှာ ဝတ်ဆင်သွားမယ့် အိမ်ကွင်းအဝေးကွင်း ဝတ်စုံတွေကိုပါ ဝတ်ဆင်ကာ ဓါတ်ပုံရိုက်ကူးမှုတွေကိုပါ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo  Credit : The Sun

အသက်(၂၅)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် နောက်ခံကစားသမား အန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း လီဂူးကလပ် လိုင်ယွန်အသင်းကနေ ဖူလ်ဟမ်အသင်းဆီမှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့ပြီး ဖူလ်ဟမ်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပေမယ့် အန်ဒါဆန်ကတော့ သူရဲ့ခြေစွမ်းကောင်းတချို့ကို ထုတ်ပြနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိလာခဲ့ပါတယ်။ အခုတော့ အန်ဒါဆန်ဟာ လန်ဒန်အခြေစိုက်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါတယ်။

Photo  Credit : The Sun

ဆမ်ဒိုးရီးယား ကစားသမားဟောင်း အန်ဒါဆင်ဟာ ၂၀၂ဝခုနှစ်ကမှ ဆမ်ဒိုးရီးယားကနေ လိုင်ယွန်ကို ပြောင်းရွှေ့လာတာဖြစ်ပြီး လိုင်ယွန်မှုာ ကစားအပြီး တစ်ရာသီအကြာမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတတ်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းဆီကို အငှားစာချုပ်နဲ့ အံ့အားသင့်ဖွယ် ရောက်ရှိလာခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းမှာ ပရီးမီးယားလိဂ် ပွဲပေါင်း(၃၁)ပွဲအထိကို ပါဝင်ကစားခဲ့တဲ့ အန်ဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ အံ့ဝင်အောင် ကစားနိုင်ခဲ့တဲ့အတွက် သူ့ကို ကလပ်အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပြီး နောက်ဆုံးမှာတော့ ပဲလေ့စ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် ပက်ထရစ်ဗီယာရာနဲ့ လက်တွဲခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အခြားသော ကလပ်အသင်းတွေထက် လက်ဦးမှု ရယူနိုင်ခဲ့ပြီး အန်ဒါဆန်ကို ပေါင်(၁၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒိန်းမတ်နောက်ခံလူ အန်ဒါဆန်အပြင် ချယ်လ်ဆီးလူငယ်အသင်းရဲ့ နောက်ခံကစားသမား ဂါဟီကိုပါ ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပါတယ်။