အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားဟောင်းတွေထဲက တဦး ဖြစ်သလို သူ့ရဲ့ မြင့်မားလှတဲ့ အရပ်အမောင်းကြောင့် ဘောလုံးပရိသတ်တွေ ကြားထဲမှာ ရေပန်းစားတဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ်ကတော့ အင်္ဂလန်အသင်းဟာ ညာနောက်ခံလူ နေရာမှာ လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်ကို အဓိကထား သုံးစွဲသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ထရန့် အာနိုးလ်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် ညာနောက်ခံလူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဖြတ်တင်ဘော ပေးပို့ရာမှာ ထူးချွန်မှုကြောင့်လည်း နာမည်ကြီးပါတယ်။

Photo Credit: AS English

အာနိုးလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်ရနေပြီး လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပီတာ ခရော့ချ်က အာနိုးလ်ရဲ့ ခြေစွမ်းကို သဘောကျနေတာ ဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ နည်းပြဖြစ်သူ ဆောက်ဂိတ်အနေနဲ့ အာနိုးလ်ကို နေရာပေးသင့်တယ် လို့ တိုက်တွန်းစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: AS English

ပီတာ ခရော့ချ်က – “ ကျွန်တော်သာ အင်္ဂလန်နည်းပြ ဖြစ်ခဲ့ရင် အာနိုးလ်ကို ပထမဦးစားပေး အဖြစ် ရွေးချယ်လိုက်မှာပါ။ သူက တိုက်စစ်ကို လိုက်ပါနိုင်တယ်။ ပြီးတော့ ဘောလုံးအထိန်းအသိမ်းနဲ့ ပေးပို့မှုကလည်း ထိပ်တန်းအဆင့်ပါပဲ။ ကျွန်တော် ရစ်စီဂျိမ်းစ်ကိုလည်း သဘောကျပါတယ်။ ကျွန်တော်တို့ အင်္ဂလန်အသင်းက ထိပ်တန်း ညာနောက်ခံလူ အများကြီးကို ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် အာနိုးလ်ကသာ အကောင်းဆုံး ညာနောက်ခံလူလို့ ထင်ပါတယ်” လို့ ချီးကျူးသွားခဲ့တာပါ။