လီဗာပူးလ် တိုက်စစ်မှူးဟောင်း ပီတာ ခရော့ခ်ကတော့ မန်စီးတီးအသင်းဟာ လက်ရှိ ခံစစ်နဲ့ ဆိုရင် ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ကို ရောက်သွားနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ရှုံးထွက် အဆင့်ပွဲစဉ်မှာ ရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့တာကနေ နောက်က လိုက်ကစားပြီး အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပွဲကစားချိန် မိနစ် (၆၀) မှာ အစ္စကိုရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ဆုံး မိနစ် (၃၀) အတွင်း ချေပဂိုး (၂) ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ဂျေဆပ် နဲ့ ဒီဘရှိုင်းရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် ရီးရဲလ်အသင်းကို အဝေးကွင်းမှာ (၁-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် မတ်လ (၁၈) ရက်နေ့မှာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နောက်တစ်ဆင့် တက်ဖို့ အလားအလား ပို များနေပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အမြင့်ဆုံး အဖြစ် ကွာတား ဖိုင်နယ် အဆင့်အထိကို ရောက်ရှိခဲ့ပြီး ခရော့ချ်က မန်စီးတီးအသင်းဟာ ဗိုလ်လုပွဲ မရောက်နိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ပီတာ ခရော့ချ်က “မန်စီးတီး အသင်းအနေနဲ့ ဘာနေဗျူးကွင်းမှာ အနိုင်ရခဲ့တာက ကြီးမားလှတဲ့ အောင်မြင်မှုပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ ရီးရဲလ်အသင်းက အခြား အသင်းကြီးတွေနဲ့ ယှဉ်နိုင်တယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒါပေမဲ့လည်း ရီးရဲလ်အိမ်ကွင်းမှာ အနိုင်ရတာက ကြီးမားနေဆဲပါပဲ။ မန်စီးတီးအသင်းက ရီးရဲလ်အိမ်ကွင်းမှာ ရီးရဲလ်အသင်းကို အနိုင်ရရှိထားတဲ့ တတိယမြောက် အင်္ဂလန်အသင်း ဖြစ်တယ် ဆိုတာကို သတိရပါ။ မန်စီးတီးအသင်းက ရီးရဲလ်အိမ်ကွင်းမှာ အကောင်းဆုံး ရလဒ်ကို ရရှိခဲ့ပေမဲ့ သူတို့အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ကို တက်သွားလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး။ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ မန်စီးတီးအသင်းမှာက အခြားအသင်းနဲ့ ယှဉ်လို့ ရမယ့် ခံစစ် မရှိပါဘူး”လို့ ပြောသွားခဲ့ပါတယ်။