ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ကစားသမားဟောင်းတွေ ဖြစ်သလို လက်ရှိမှာ ရံဖန်ရံခါ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေကြတဲ့ ဂျိုကိုးလ်နဲ့ ပီတာ ခရော့တို့က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ် ၁-၃ လီဗာပူး ပွဲစဉ်အပြီးမှာ လီဗာပူးဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ သုံးသပ်သွားကြပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက နောက်ဆုံး ၅နှစ်တာ ကာလအတွင်းမှာ ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးရဲ့ အဓိကပြိုင်ဘက် ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ ခြေစွမ်းတွေ ဆိုးရွားခဲ့တာကြောင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့ခြင်း မရှိသလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ပါတယ်။

Photo Credit: Football 365

ဒီရာသီမှာတော့ လီဗာပူးက သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အဓိက အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပြီး ကွင်းလယ်ပိုင်း တောင့်တင်းလာမှုကြောင့် လီဗာပူးရဲ့ ကစားဟန်ဟာ ပိုမို တိုးတက်လာသလို ပရီးမီးယားလိဂ် ပွဲစဉ်(၅) အပြီးမှာ ၄ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ထားပါတယ်။

ပွဲစဉ်(၅) အပြီးမှာ ရမှတ် ၁၃မှတ် အထိ စုဆောင်းထားနိုင်တာကြောင့် လီဗာပူးက ဇယားထိပ်မှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၂မှတ်ထဲသာ ကွာဟနေပြီး မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဘွဲ့ကို ခြိမ်းခြောက်နေပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ဂျိုကိုးလ်က – “လီဗာပူးက မန်စီးတီးကို စိန်ခေါ်နိုင်ပါလိမ့်မယ်။ ခြေစွမ်းတွေ တရိပ်ရိပ် တက်နေတဲ့ အာဆင်နယ်ကလည်း စီးတီးရဲ့ ပြိုင်ဘက် ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်က လီဗာပူးရဲ့ မှန်ကန်တဲ့ လူခေါ်ယူမှုတွေ အတွက် ချီးကျူးချင်သလို ကလော့ပ်ရဲ့ အသင်းကို အကောင်းဆုံး ထိန်းကျောင်းထားနိုင်မှု အတွက် ဂုဏ်ပြုချင်ပါတယ်။ စီးတီးကတော့ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပါပြီ။ စီးတီးက အရမ်းကို ခြေစွမ်းကောင်းနေသလို အခုချိန်အထိလည်း ရှုံးပွဲ မရှိသေးပါဘူး။ ဒါပေမယ့် သူတို့က အရေးပါတဲ့ ကစားသမား တချို့ကို ဆုံးရှုံးထားရပါတယ်။ သူတို့က ဆုံးရှုံးခဲ့ရတဲ့ ကစားသမားတွေရဲ့ နေရာတွေ အတွက် ကစားသမားသစ်တွေ ပြန်ခေါ်ထားပေမယ့် အဲ့ဒီ ကစားသမားတွေက အသင်းနဲ့ အသားကျဖို့ အချိန်တခု ပေးရပါဦးမယ်။ ဂန်ဒိုဂန်နဲ့ မာရက်ဇ်တို့ ထွက်သွားတာက စီးတီးကို အနည်းနဲ့ အများ ထိခိုက်စေနိုင်ပါတယ်။ တဖက်မှာတော့ လီဗာပူးနဲ့ အာဆင်နယ်တို့က ပိုပြီး တိုးတက်လာကြပါတယ်။ ဒါကြောင့် သူတို့နှစ်သင်းက စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်” လို့ ဆိုပြီး လီဗာပူးကို ချန်ပီယံပြေးလမ်းကြောင်းထဲမှာ ရှိနေတဲ့ အသင်းအဖြစ် သတ်မှတ်ပေးခဲ့တာပါ။

ပီတာခရော့ကလည်း ဂျိုကိုးလ်ရဲ့ သုံးသပ်ချက်ကို ထပ်ဆင့် ထောက်ခံသွားခဲ့ပါသေးတယ်။ ပီတာခရော့က – “အခုချိန်မှာ စီးတီးက အနိုင်ယူရမယ့်အသင်း (ဘုံရန်သူ သဘောမျိုး) ဖြစ်နေပါပြီ။ စီးတီးရဲ့ ခြေစွမ်းက အရမ်း အရမ်းကို ကောင်းနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီရဲ့ လီဗာပူးနဲ့ ဒီရာသီရဲ့ လီဗာပူးကို ယှဉ်ကြည့်လိုက်ရင် လီဗာပူးက တိုးတက်လာတာကို မြင်ရပါလိမ့်မယ်။ လီဗာပူးက လမ်းကြောင်းမှန်ပေါ် ပြန်တက်လာပါပြီ။ ကျွန်တော်ကလည်း လီဗာပူးနဲ့ အာဆင်နယ်ဟာ စီးတီးရဲ့ ချန်ပီယံလုဘက်တွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဂျိုကိုးလ် ပြောခဲ့သလိုပဲ သူတို့တွေက စီးတီးကို အဆုံးထိ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။