ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားချင်တာကြောင့် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက သူဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အသင်းဟောင်း စပို့တင်း လစ္စဘွန်းဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဆိုတဲ့ ကောလဟာလ သတင်းတွေကို တရားဝင် ငြင်းဆန်သွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေ မကျဆင်းသေးကြောင်းကို သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူကာ သက်သေပြနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကိုတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် မကူညီနိုင်ခဲ့ပါဘူး။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ထားတာကြောင့်ပဲ ကစားသမားဘဝ တလျှောက်လုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ကစားခဲ့ဖူးတဲ့ ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကလည်း ရိုနယ်ဒိုကို ဥရောပ အသင်းကြီး တသင်းဆီ ပို့ဆောင်ပေးနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေက ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့ပြီးနောက် ရိုနယ်ဒို အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ရ ဥရောပ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့နိုင်ရေးဟာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်လာရပြီး အဲ့ဒီအချိန်မှာပဲ ပေါ်တူဂီအခြေစိုက် သတင်းဌာန တချို့က ရိုနယ်ဒိုဟာ သူ့ရဲ့ အသင်းဟောင်းလည်းဖြစ် ၊ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရထားတဲ့ စပို့တင်း လစ္စဘွန်းဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Photo Credit: The Sun

ရိုနယ်ဒိုက သူ့ရဲ့ ကစားသမားဘဝ အဆုံးမသတ်မီ အသင်းဟောင်း စပို့တင်း လစ္စဘွန်းဆီ ပြန်ကာ ဘောလုံးကစားဦးမယ်လို့ ပြောကြားဖူးတာကြောင့် ဘောလုံးပရိသတ် အများစုက အဲ့ဒီသတင်းတွေဟာ မှန်ကန်နိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် ရိုနယ်ဒိုကတော့ သူ့ရဲ့ တရားဝင် တွစ်တာအကောင့် ကနေ တဆင့် စပို့တင်း လစ္စဘွန်းဆီ ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေ အားလုံးဟာ သတင်းမှားတွေသာ ဖြစ်ကြောင်း ချက်ချင်းဆိုသလို ပယ်ချသွားခဲ့ပါတယ်။

ဒါကြောင့် ရိုနယ်ဒိုကို စပို့တင်း လစ္စဘွန်းမှာ ပြန်မြင်ရဖို့ အချိန်အနည်းငယ် ထပ်မံ စောင့်ဆိုင်းရဖို့ ရှိနေသလို ရိုနယ်ဒို တယောက် ယခု နွေဈေးကွက် အတွင်းမှာ ဘယ်အသင်းဆီ ပြောင်းရွှေ့သွားမလဲ ဆိုတာက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။