ရော်နယ်ဒိုရဲ့ မိခင် ဒယ်ဗီရိုဟာ ဦးနှောက် သွေးကြောပိတ်တာကြောင့် ဒီမနက်မှာ အရေးပေါ် ဆေးရုံ တင်ခဲ့ရတယ်လို့ သူမရဲ့ နေရပ် အခြေစိုက် သတင်းတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကလေး (၄) ဦး မိခင် ဒယ်ဗီရိုဟာ သူမရဲ့ နေရပ်က Dr Nelio Mendonca Hospital ဆေးရုံမှာ ပေါ်တူဂီ ဒေသစံတော်ချိန် မနက် (၅) နာရီက ဆေးရုံတက်ခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဒေသသတင်းတွေက သူမဟာ “အသိစိတ် ပြန်ရပြီ ဖြစ်ကြောင်း၊ တည်ငြိမ်သွားပြီ ဖြစ်ကြောင်း” ဖော်ပြခဲ့ကြပြီး နောက်ထပ် ဆေးစစ်မှုတွေကိုတော့ ဆက်လက် ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ရော်နယ်ဒိုရဲ့ မိခင် ဒယ်ဗီရိုဟာ သူမရဲ့ ကျန်းမာရေး အခြေအနေကို အကဲဖြတ် ဆုံးဖြတ်နိုင်ဖို့ လာမယ့် နာရီ အနည်းငယ်အကြာမှာ နောက်ထပ် ဆေးစစ်မှု ပြုလုပ်သွားဦးမှာပဲ ဖြစ်ပါတယ်။ ဒေသသတင်းတွေက သူမဟာ “Ichemnic Stroke”လို့ ခေါ်တဲ့ “ဦးနှောက် သွေးကြောပိတ်မှု” ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့ပြီး အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ မိခင် ဒယ်ဗီရိုဟာ (၂၀၀၇) ခုနှစ်ကလည်း ရင်သားကင်ဆာ ဖြစ်ခဲ့ပြီး ကာလရှည် ကုသမှု ခံယူပြီးတဲ့ အချိန်မှာ ပြန်လည် ကောင်းမွန်လာပြီး ရင်သားကင်ဆာကို ကုသနိုင်ခဲ့ပါတယ်။

Photo Credit: Dailymail

ရော်နယ်ဒိုဟာ (၂၀၀၉) ခုနှစ်မှာ သူ့ရဲ့ အမေ ဆေးကုမှု ခံယူနေတဲ့ ဆေးရုံကို ပေါင် (၁) သိန်း လှူဒါန်းခဲ့ပြီး ကင်ဆာရောဂါကုသရေး စင်တာအသစ် ဆောက်လုပ်ဖို့ လှူခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ မိခင် ဖြစ်သူ ဗယ်ဒီရိုရဲ့ ဦးနှောက် သွေးကြောပိတ် ရောဂါနဲ့ ပက်သက်ပြီး သူမကို ဆေးကုသပေးတဲ့ ဆေးရုံက လက်ရှိအချိန်အထိ ဘာကိုမှ တရားဝင် မထုတ်ပြန်သေးတာ ဖြစ်ပါတယ်။ မိခင် ဗယ်ဒီရိုဟာ လက်ရှိအချိန်မှာ အသက် (၆၅) နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး သူမရဲ့သားဖြစ်သူ ရော်နယ်ဒိုရဲ့ အောင်မြင်မှုအတွက် အမြဲတမ်း အတူ အောင်ပွဲခံ အားပေးနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ မိခင် ဗယ်ဒီရိုဟာ ဦးနှောက် သွေးကြောပိတ်ကြောင့် ဆေးရုံ တက်နေရပြီး နောက်ဆုံးသတင်းတွေအရတော့ အခြေအနေ တည်ငြိမ်သွားပြီလို့ သိရပါတယ်။