MySport Myanmar

ရော်နယ်လ်ဒိုကို ခေါ်ယူထားပြီးနောက် မာကိုရူးစ်ကိုပါ ထပ်မံ အလိုရှိလာပြန်တဲ့ အယ်လ်နာဆာ

ကမ္ဘာ့ထိပ်တန်း စူပါစတား ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာတွေနဲ့ ခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းဟာ အခုလည်း နောက်ထပ် ထိပ်တန်းကစားသမားတွေကို ထပ်မံ ခေါ်ယူချင်နေပြန်ပြီး ဒေါ့မွန်အသင်းရဲ့ ဂျာမန်ကစားသမား မာကိုရူးစ်ကိုပါ မျက်စိကျနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ လက်တွဲဖြုတ်ဖြစ်ခဲ့တဲ့ ပေါ်တူဂီ စူပါစတား ဘောလုံးသမားကြီး ရော်နယ်လ်ဒိုကို အရ ခေါ်ယူထားနိုင်ခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဒီလို ဂုဏ်ယူစရာကောင်းတဲ့ mega signing ကြီးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပြီးတဲ့နောက် ထပ်မံပြီး ထိပ်တန်း ကစားသမား ခေါ်ယူမှုတွေကို ဆက်လက် လုပ်ဆောင်သွားချင်လာခဲ့ပါတယ်။ အယ်လ်နာဆာအသင်းဟာ မိုဒရစ် ရာမို့စ် ကန်တေတို့လို ကစားသမားတွေနဲ့ ကောလဟာလတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့သလို အခုလည်း ဒေါ့မွန်မှာ နှစ်ပေါင်းများစွာ ပါဝင်ကစားထားခဲ့တဲ့ ဂျာမန် ဝါရင့်ကစားသမားကြီး မာကိုရူးစ်နဲ့ပါ ဆက်လက် သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျာမန် ကွင်းလယ်တိုက်စစ် ကစားသမား မာကိုရူးစ်ဟာ ဒေါ့မွန်အသင်းမှာ (၁၁)နှစ်ကြာအထိ ပါဝင်ခဲ့သူဖြစ်ပြီး ဒေါ့မွန်ကနေ လီဝန်ဒေါစကီး ဂန်ဂိုဂန် ဟာလန်းတို့လို ကစားသမားတွေ တခြားအသင်းတွေဆီ ပြောင်းရွှေ့သွားခဲာ့ကြပေမယ့် ရူးစ်ကတော့ ဒေါ့မွန်မှာပဲ ဆက်လက် ကစားခဲ့ကာ အသင်းအတွက်ကိုပဲ အကောင်းဆုံး ပေးဆပ်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ရူးစ်ဟာ အခုနွေရာသီမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို သက်တမ်းမတိုးဖြစ်တော့ဖို့က အခြေအနေ များနရတဲ့အတွက် သူ့ကို ဘွန်ဒစ်လီဂါနဲ့ ပရီးမီးယားလိဂ်တို့က ကလပ်အသင်းတွေအပြင် အယ်လ်နာဆာအသင်းကပါ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မွန် အကယ်ဒမီထွက် ကစားသမားဖြစ်သူ ရူးစ်ဟာ သူရဲ့ စီနီယာ ကစားသမားဘဝကိုတော့ ဂျာမန်ကလပ် Rot Weiss Ahlen အသင်းမှာ စတင်ဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲကမှ မိုချန်ဂလာဘတ်ကို ရောက်ရှိခဲ့သလို ၂၀၁၂ခုနှစ်မှာတော့ ဒေါ့မွန်ဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဒဏ်ရာပြသာနာတွေကြောင့် ကစားသမားဘဝ အချိန်အများစုက အနားယူရင်း ဖြတ်သန်းခဲ့ရတဲ့ ရူးစ်ဟာ တကယ်တော့ အရည်အသွေးမြင့်တဲ့ ကစားသမားဖြစ်လို့ လာမဲ့ ဘောလုံးရာသီမှာ ဘယ် ကလပ်အသင်းနဲ့အတူ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version