အခုနှစ် နွေရာသီ အပြောင်းအရွေ့ စျေးကွက်အတွင်းမှာ အပြောင်းအရွေ့ ကောလဟာလသတင်းတွေ ဆက်တိုက်ထွက်ပေါ်လျက် ရှိနေရတဲ့ အသင်းဖော် ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့ ဒီရာသီအတွင်း ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ပဲ အသင်းမှာပဲ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ဂျုဗင်တပ်စ် ဘယ်နောက်ခံကစားသမား ဒန်နီလိုက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ လက်ရှိမှာ သူရဲ့ကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့သလို ဂျုဗင်တပ်စ်ကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း စီးရီးအေချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတို့နဲ့ လွဲချော်ထားခဲ့ရတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ချင်နေတယ်ဆိုတဲ့ သတင်းတွေက အတော်လေးကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်လာခဲ့တဲ့ ရော်နယ်ဒိုဟာလည်း သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ဘာပေကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ ပီအက်စ်ဂျီအသင်းတွေနဲ့ပါ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : The Sun

အခုလို ကောလဟာလတွေ ဆက်တိုက်ထွက်ပေါ်လို့ နေပေမယ့်လည်း သူရဲ့အသင်းဖော် ရော်နယ်ဒိုကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း ဂျုဗင်တပ်စ်အသင်းမှာပဲ ဆက်လက်ရှိနေသွားမှာ သေချာတယ်လို့ ဂျုဗင်တပ်စ်နောက်ခံအစွန်လူ ဒန်နီလိုက ပြောဆိုလာခဲ့ပါတယ်။ ဒန်နီလိုက “သူ့လို ကစားသမားမျိုးကို အသင်းမှာ ပိုင်ဆိုင်ထားရတာ ကျွန်တော်တို့အားလုံးအတွက် အလွန်ကို အရေးပါလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက သွင်းဂိုးတွေများစွာ တစ်ဟုန်ထိုး သယ်ဆောင်လာနိုင်တာကြောင့်ပါပဲ။ ကျွန်တော်နဲ့ဆိုရင်လည်း အရင်းနှီးဆုံး မိတ်ဆွေတွေပါ။ ရီးယဲလ်မက်ဒရစ်အသင်းမှာ ရှိနေစဉ်ကတည်းက ကျွန်တော်တို့တွေ အချင်းချင်း သိနေကြတာပါ။ လာမယ့်ရာသီမှာလည်း သူ ဒီမှာပဲ ဆက်လက်ရှိနေမှာ သေချာပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးကစားသမားဟောင်း ဒန်နီလိုနဲ့ ရော်နယ်ဒိုတို့ဟာ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းမှာ ၂၀၁၅ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပြီး လက်ရှိ ဂျုဗင်တပ်စ်မှာလည်း အသင်းဖော်တွေအဖြစ် ဆက်လက်တွဲဖက်လို့နေရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရော်နယ်ဒိုဟာ သူရဲ့အားလပ်ရက်အဖြစ် အနားယူလျက်ရှိနေသလို သူရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကတော့ တူရင်မှာ ဂျုဗင်တပ်စ်တာဝန်ရှိသူတွေနဲ့ ရော်နယ်ဒိုရဲ့ စာချုပ်ကိစ္စအတွက် ဆွေးနွေးလျက် ရှိနေပါတယ်။