MySport Myanmar

ရော်နယ်လ်ဒို အသင်းပြောင်းချင်တဲ့ အကြောင်းအရင်းထဲမှာ မက်ဆီနဲ့ ဆက်စပ်တဲ့ ကိစ္စတွေ ပါဝင်နေ

ခရစ္စတီယာနိုရော်နယ်လ်ဒိုအနေနဲ့ အခုနွေဈေးကွက်အတွင်း သူရဲ့လက်ရှိကလပ် မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အသင်းပြောင်းရွှေ့ချင်နေတဲ့ အကြောင်းအရင်းထဲမှာ သူရဲ့မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကိစ္စတွေ ပါဝင်နေတယ်လို့ SPORTbible ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Ringer

အသက်အရွယ်အရ (၃၅)နှစ်အထက် ကစားသမားတွေ ဖြစ်နေပေမယ့် အခုအချိန်ထိ အချင်းချင်း ပြိုင်ဆိုင်မှုတွေ ဆက်လက်ရှိနေကြသေးတဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ လက်ရှိအချိန်ထိ စံချိန်ကောင်းတွေကို ထပ်မံရယူနေကြလျက် ရှိနေပြီး ဥရောပချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမျိုးမှာလည်း ဒီကစားသမားနှစ်ဦးကသာ ထိပ်ဆုံးနေရာတွေမှာ ရပ်တည်နေကြပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားတွေထဲမှာတော့ ပေါ်တူဂီကစားသမားကြီး ရော်နယ်လ်ဒိုက သွင်းဂိုး(၁၄၀)နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ဒုတိယနေရာမှာတော့ ရော်နယ်လ်ဒိုရဲ့ ပြိုင်ဘက် မက်ဆီက သွင်းဂိုး (၁၂၅)ဂိုးနဲ့ ရပ်တည်လို့နေပါတယ်။

Photo Credit : Sporting News

လက်ရှိမှာ ရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဖြတ်သန်းရဖွယ် ရှိနေပြီး မက်ဆီကတော့ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်လက်ဆင်နွဲရမှာဖြစ်လို့ မက်ဆီရဲ့ ချန်ပီယံလိဂ်သွင်းဂိုးတွေက တစ်ဖြည်းဖြည်းနဲ့ ရော်နယ်လ်ဒိုရဲ့ စံချိန်တင်ထားတဲ့ ဂိုးအရေအတွက်ထိ ရောက်ရှိလာနိုင်ဖွယ် ရှိနေရပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ ဂိုးအရေအတွက် အများဆုံး စံချိန်ထိ ပိုင်ဆိုင်ထားခဲ့တာ မဟုတ်ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ပွဲအရေအတွက် အများဆုံး စံချိန်ကိုပါ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ (၁၈၃)ပွဲအထိ ကစားထားခဲ့တာဖြစ်ပြီး မက်ဆီကတော့ (၁၅၆)ပွဲ ပါဝင်ထားတာဖြစ်လို့ ကစားသမားနှစ်ဦးကြားမှာ ပွဲအရေအတွက် (၂၇)ပွဲထိ ကွာဟနေတယ်ဆိုပေမယ့် ရော်နယ်လ်ဒိုက လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲထဲ မပါဝင်ရတော့သလို တကယ်လို့ ယူနိုက်တက်အနေနဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီထဲ Top 4 အတွင်း ထပ်မဝင်နိုင်ခဲ့ဘူးဆိုရင် မက်ဆီက ရော်နယ်လ်ဒိုရဲ့ ပွဲအရေအတွက် အများဆုံးနဲ့ ဂိုးအရေအတွက် အများဆုံးတွေထိ အမီလိုက်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ မက်ဆီသာ ချန်ပီယံလိဂ်ဖလားကို ထပ်မံပိုင်ဆိုင်ခဲ့မယ်ဆိုရင် ရော်နယ်လ်ဒိုရဲ့ ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်မှု အရေအတွက် (၅)ကြိမ်ကိုပါ တူညီသွားဦးမှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် ရော်နယ်လ်ဒိုက ချန်ပီယံလိဂ်ဝင်ခွင့်အပြင် ချန်ပီယံလိဂ်ဖလားအတွက် အလားအလာ မကောင်းနိုင်သေးတဲ့ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတာဖြစ်ပြီး လီဝန်ဒေါစကီးကို လက်လွတ်ရနိုင်တဲ့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အခြေအနေ အရမ်းများနေပါတယ်။

Exit mobile version