ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ လာမယ့်ဘောလုံးရာသီ အသင်းရဲ့တိုက်စစ်ပိုင်း ပိုမိုအင်အားထက်မြက်နေစဖို့အတွက် ဝုလ်ဗ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ မက္ကဆီကိုတိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်ကို ခေါ်ယူပေးဖို့ အသင်းဆီ တောင်းဆိုလို့ထားခဲ့ပြီး ဂျုဗင်တပ်စ်အသင်းကလည်း ဂျီမီနက်ဇ်ကို စိတ်ဝင်စားနေတာဖြစ်လို့ မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Youtube

ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့အထောင်တိုက်စစ်ကစားသမား ဂွန်ဇာလိုဟီဂွာအင်ကို အသင်းကနေ ရောင်းထုတ်သွားတော့မှာဖြစ်သလို တောင်ပံတိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကိုပါ ရောင်းချသွားဖွယ်ရှိတာကြောင့် အသင်းရဲ့တိုက်စစ်မှာ ကစားသမားသစ်တွေကို အားဖြည့်သွားဖို့ လိုအပ်နေကာ ဂျီမီနက်ဇ် အီဒင်ဂျက်ကိုနဲ့ ဇာပါတာတို့လို တိုက်စစ်ကစားသမားတွေကို ပစ်မှတ်ထားလို့နေပါတယ်။ ဒီပစ်မှတ်တွေထဲကမှ တိုက်စစ်မှူးဂျီမီနက်ဇ်ကို ရော်နယ်ဒိုကိုယ်တိုင်ကပါ အသင်းဆီ လာရောက်စေချင်နေပြီး ဂျုဗင်တပ်စ်တိုက်စစ်မှာ အတူတွဲဖက်ကစားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : AS USA

အသက်(၂၉)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ မက္ကဆီကိုလက်ရွေးစင် တိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်ဟာ ၂၀၁၈ခုနှစ်ကမှ ဘင်ဖီကာအသင်းကနေ ဝုလ်ဗ်အသင်းဆီကို အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အငှားစာချုပ်မပြည့်ခင်မှာပဲ ဝုလ်ဗ်အသင်းကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူဖြစ်ခဲ့ပါတယ်။ ဝုလ်ဗ်နဲ့အတူ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဂျီမီနက်ဇ်ဟာ ဒီနှစ်ရာသီအတွင်းမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၂၇)ဂိုးအထိ သွင်းယူလို့ထားပြီး အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့အဆင့်(၇)နေရာရောက်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဂျီမီနက်ဇ်ကို ဂျုဗင်တပ်စ်အသင်းနဲ့အပြင် ရော်နယ်ဒိုရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကလည်း ပစ်မှတ်ထားလို့နေပြီး နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ဝုလ်အသင်းကတော့ သူတို့ရဲ့တိုက်စစ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြးအဖြစ် ပေါင်သန်း(၆၀) သတ်မှတ်ထားပြီး သန်း(၆၀)အောက် ကမ်းလှမ်းမှုတွေကိုတော့ ငြင်းဆန်သွားဖွယ်ရှိနေပါတယ်။