ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းဖို့အတွက် ဒီကနေ့ အင်္ဂါနေ့မှာ နေရပ် ပေါ်တူဂီနိုင်ငံကနေ အီတလီနိုင်ငံကို ပြန်သွားနေပြီ ဖြစ်တယ်လို့ အင်္ဂလန် အခြေစိုက် Dailymail သတင်းက အခိုင်အမာ ဖော်ပြပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် စတင် ဖြစ်ပွားခဲ့စဉ်တုန်းက ပြည်ပ ကစားသမားတွေကို သူတို့ရဲ့ နေရပ်နိုင်ငံ ပြန်ခွင့်ပေးခဲ့တာကြောင့် ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့လည်း သူ့ရဲ့ နေရပ် ပေါ်တူဂီနိုင်ငံက မက်ဒီးရာမြို့ကို ပြန်သွားခဲ့ပါတယ်။

Photo Credit: Dailymail

နောက်ဆုံးရ သတင်းတွေအရ အီတလီနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ဒုတိယအဆင့်ကို ပြန်လည် ရောက်ရှိသွားဖွယ် ရှိနေပြီး စီးရီးအေ ပြိုင်ပွဲကိုလည်း ပြန်လည် စတင်နိုင်ချေ ရှိတာကြောင့် ဂျုဗင်တပ်အသင်းဟာ အသင်းရဲ့ ပြည်ပ ကစားသမားတွေကို ပြန်ခေါ်နေပြီပဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ဒုတိယ အဆင့်ကို ပြန်ရောက်သွားဖွယ် ရှိနေပေမဲ့လည်း ကိုရိုနာ ဗိုင်းရပ် တိုက်ဖျက်ဖို့အတွက် တင်းကျပ်ထားဆဲ ဖြစ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ အီတလီနိုင်ငံကို ပြန်ရောက်တဲ့ အချိန်မှာ (၂) ပတ်ကြာ သီးသန့်ခွဲနေရဦးမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

အီတလီ ဝန်ကြီးချုပ် ကွန်တီ (Conte) က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကစားသမားတွေအနေနဲ့ မေလ (၄) ရက်နေ့က စပြီး တစ်ယောက်တည်း သီးသန့် လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်ပြီး မေလ (၁၈) ရက်နေ့ နောက်ပိုင်း အသင်းဖော်တွေနဲ့ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပြီလို့ ပြောသွားခဲ့ပါတယ်။ အီတလီ စီးရီးအေ ပြိုင်ပွဲဟာ ပွဲစဉ် (၂၆) ပွဲ ကစားပြီးနောက် ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး ပွဲစဉ် (၂၆) ပွဲ ကစားပြီးတဲ့ အချိန်မှာ ဂျုဗင်တပ်အသင်းက အဆင့် (၂) နေရာက လာဇီယိုအသင်းကို (၁) မှတ်သာ ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်ထားပါတယ်။ ဂျုဗင်တပ်အသင်းဟာ ပြည်ပ ကစားသမားတွေကို ပြန်ခေါ်နေပြီး တိုက်စစ်မှူး ရော်နယ်ဒိုက ယနေ့ အင်္ဂါနေ့မှာ ပေါ်တူဂီနိုင်ငံကနေ အီတလီနိုင်ငံကို ပြန်သွားနေပြီလို့ သိရှိရပါတယ်။