MySport Myanmar

ယူနိုက်တက်က ထွက်ခွာပြီး မိုင်ယာမီမှာ ဘက်ခမ်းနဲ့ လက်တွဲဖွယ်ရှိနေတဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းကစားသမားကြီးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီး ယူနိုက်တက်ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ လက်တွဲသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းမှာ ကျောနံပါတ်(၇)တွေကို ဝတ်ဆင်ခဲ့ကြတဲ့ ရော်နယ်လ်ဒိုနဲ့ ဘက်ခမ်းတို့ဟာ လာမယ့်ရာသီမှာပဲ ဘက်ခမ်း ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ အင်တာမိုင်ယာမီ ဘောလုံးအသင်းမှာ ပူးပေါင်းသွားနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၇)နှစ်အရွှယ်ကို ရှိနေပြီဖြစ်ပေမယ့် ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့ အစီအစဉ် မရှိသေးတဲ့ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်ဆီကို တကျော့ပြန် ရောက်လာခဲ့ပေမယ့်လည်း သူရဲ့အပြန်ခရီးစဉ်က ဖလားလက်မဲ့ရာသီ ဖြစ်နေခဲ့ရတဲ့အတွက် တစ်ရာသီအကုန်မှာပဲ ယူနိုက်တက်နဲ့ ပြန်လည်လမ်းခွဲဖို့ အစီအစဉ်ရှိနေပြီး မေဂျာလိဂ်ပြိုင်ပွဲဆီကိုပါ သွားရောက်ဖွယ် ရှိနေရပါတယ်။

Photo Credit : Manchester Evening News

ပေါ်တူဂီလက်ရွေးစင် GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းဆီ ပြန်ရောက်လာချိန်မှာ အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့်လည်း သူရဲ့ ပထမရာသီမှာပဲ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရသလို ရာသီကုန်မှာ အဆင့်(၄)နေရာ ဝင်ရောက်နိုင်ဖို့ကလည်း ခက်ခဲနေရတဲ့အတွက် စာချုပ်သက်တမ်း မပြည့်မြောက်ခင်မှာ အသင်းနဲ့ လမ်းခွဲချင်နေတာ ဖြစ်ပါတယ်။ ဒီလို အနာဂတ် အခြေအနေ အပြောင်းအလဲ ပြုလုပ်ချင်နေတဲ့ ရော်နယ်လ်ဒိုကို ဘောလုံးအသင်းပိုင်ရှင်အဖြစ် တာဝန်ယူနေတဲ့ ဒေးဗစ်ဘက်ခမ်းက သူရဲ့အင်တာမိုင်ယာမီအသင်းအတွက် ခေါ်ယူသွားသင့်တယ်လို့ အင်္ဂလန်ဘောလုံးသမားဟောင်းကြီး ဂါရတ်ခရော့စ်က တိုက်တွန်းလိုက်ပါတယ်။ ရော်နယ်လ်ဒိုနဲ့ ဘက်ခမ်းတို့ဟာ ဘောလုံးနယ်ပယ်မှာသာမကပဲ စီးပွားရေးနယ်ပယ်မှာပါ အောင်မြင်ကျော်ကြားသူတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦးသာ ကလပ်အသင်းတစ်ခုတည်းမှာ တွဲဖက်လုပ်ကိုင်ဖြစ်မယ်ဆိုရင် ကြောက်မက်ဖွယ်ကောင်းတဲ့ ပူးပေါင်းဆောင်ရွှက်မှုတစ်ခုပါ ဖြစ်လာနိုင်တယ်လို့ ခရော့ခ်စ်က ပြောဆိုသွားပါတယ်။ ဒါပေမယ့် ငွေကြေးပိုင်း ကြွယ်ဝလွန်းသူဖြစ်တဲ့ ရော်နယ်လ်ဒိုကတော့ ပိုက်ဆံတစ်ခုတည်းအတွက်နဲ့ မေဂျာလိဂ်ဘက်ကို ပြောင်းရွှေ့မှာ မဟုတ်ပဲ ဘောလုံးသမားဘဝက အနားမယူခင် သူမရယူဖူးသေးတဲ့ အောင်မြင်မှုတွေအတွက်သာ အသင်းပြောင်းရွှေ့ဖွယ် ရှိနိုင်ပါတယ်။

Exit mobile version