ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားချင်နေတဲ့အကြောင်းကို သူရဲ့ ဂျုဗင်တပ်စ် အသင်းဖော်တချို့ဆီ ဖွင့်ဟပြောဆိုထားကြောင်းနဲ့ အသင်းမှာ နည်းပြအပြောင်းအလဲတွေ ဖြစ်လာပြီးနောက်မှာ သူရဲ့ပွဲထွက်ကစားခွင့်တွေ အကန့်အသတ်နဲ့ ဖြစ်လာမှာကိုလည်း မလိုလားတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sport

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ၂၀၁၈ခုနှစ်ကတည်းက ရီးယဲလ်မက်ဒရစ်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့်ရာသီအကုန်မှာတော့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ သူရဲ့စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းနဲ့ လမ်းခွဲသွားဖို့ အစီအစဉ်ရှိလို့နေပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လည်ပြောင်းရွှေ့သွားတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေလည်း အတော်လေးကို ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Insider

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လို့နေတဲ့ သတင်းတွေအရ ရော်နယ်ဒိုဟာ သူ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာသွားချင်နေကြောင်းကို သူရဲ့ဂျုဗီအသင်းဖော်တချို့ကိုပါ အသိပေးပြောဆိုထားခဲ့လို့ သိရပါတယ်။ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းဟာ အသင်းနည်းပြ ပီယာလိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး အသင်းရဲ့နည်းပြဟောင်း အယ်လီဂရီကို အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်သွားဖို့ ရှိနေတာကြောင့် ရော်နယ်ဒိုအနေနဲ့ နည်းပြအပြောင်းအလဲအောက်မှာ သူရဲ့ပွဲထွက်ခွင့်က မသေချာတော့မှာကို စိုးရိမ်နေတဲ့အတွက် အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်အသင်းကတော့ သူတို့ရဲ့ အဓိကကြယ်ပွင့်ကစားသမားကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ရှိနေစေချင်ပါတယ်။ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းမှာ (၃)ရာသီအထိ ပါဝင်ကစားခဲ့ပြီး အီတလီစီးရီးအေဖလား အပါအဝင် ပြည်တွင်းဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဥရောပချန်ပီယံလိဂ်ဖလားကို အရမယူနိုင်သေးသလို ပြီးခဲ့တဲ့ရာသီမှာပါ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိဖို့အတွက် ရာသီသိမ်းချိန်ထိ အသည်းအသန် ကြိုးပမ်းခဲ့ရပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေကို စိတ်ပျက်နေတဲ့ ရော်နယ်ဒိုက ဂျုဗင်တပ်စ်ကနေ ထွက်ခွာချင်နေပြီး လက်ရှိမှာတော့ သူ့ကို ပီအက်စ်ဂျီနဲ့ ယူနိုက်တက်အသင်းတွေက ပစ်မှတ်ထားလို့နေပါတယ်။