MySport Myanmar

တန်ဟက်ဂ်သာ အလိုရှိမယ်ဆိုရင် အသင်းမှာပဲ ဆက်လက်ရှိနေသွားမယ့် ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုက လာမယ့်ဘောလုံးရာသီမှာ ယူနိုက်တက်နည်းပြသစ်အဖြစ် စတင်ကိုင်တွယ်သွားတော့မယ့် နည်းပြအဲရစ်တန်ဟက်ဂ်သာ သူ့ကို အလိုရှိမယ်ဆိုရင် သူ့အနေနဲ့လည်း ယူနိုက်တက်အသင်းမှာပဲ ဆက်လက်ရှိနေသွားမှာ ဖြစ်ကြောင်းကို အသင်းဖော်တွေဆီ ထုတ်ဖော်ပြောကြားထားတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၃၇)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေကမှ ယူနိုက်တက်အသင်းဆီကို (၂)နှစ်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမရာသီမှာပဲ အသင်းအတွက် တတ်နိုင်သမျှ အကောင်းဆုံး ပေးဆပ်ခဲ့ပေမယ့်လည်း အသင်းရဲ့ အခြေအနေတွေက ထင်ထားတာထက်ကို ပိုဆိုးခဲ့ရပြီး ဆုဖလားလက်မဲ့ ရာသီတစ်ခု ဖြစ်ခဲ့ရုံသာမကပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရတဲ့အထိကို အခြေအနေ ဆိုးရွှားခဲ့ရပါတယ်။ အခုလို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုနဲ့ လွဲချော်ခဲ့ရခြင်းကြောင့် ကစားသမားတိုင်းရဲ့ လစာပိုင်းပါ လျော့ချခံရတဲ့အပြင် ရော်နယ်လ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးကိုပါ အသင်းမှာ ဆက်ထိန်းထားဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။

Photo Credit : Daily Express

ဒီနှစ်ဘောလုံးရာသီဟာဆိုရင်လည်း တစ်ခန်းရပ်သွားဖို့ ပွဲအနည်းလောက်သာ ကျန်ရှိနေတော့တဲ့အချိန်မှာ ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိးအဖုံဖုံ ထွက်ပေါ်ထားခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုကတော့ မကြာခင်မှာပဲ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာတော့မယ့် နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ဆန္ဒရှိနေပြီး တကယ်လို့ တန်ဟက်ဂ်ကိုယ်တိုင်ကသာ သူ့ကို အသင်းမှာ ဆက်ရှိစေချင်မယ် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်လက်အသုံးပြုသွားမယ်ဆိုရင်တော့ သူ့အနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ယူနုုိက်တက်မှာ ဆက်လက် ရှိနေသွားမယ်လို့ သူ့အသင်းဖော်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမျိုး ဝင်ရောက်ဆင်နွဲခွင့် မရတော့တာက ရော်နယ်လ်ဒိုအတွက် အလွန်စိတ်ပျက်စရာ ဖြစ်နိုင်ပေမယ့်လည်း ကလပ်အသင်းနဲ့ အသင်းနည်းပြတွေဘက်ကသာ သူ့ကို အသင်းအတွက် အလိုရှိနေသေးတယ်ဆိုရင် အသင်းမှာပဲ သေချာပေါက်ကို ဆက်လက်ရှိနေသွားမယ်လို့ အသင်းဖော်တွေဆီ ရင်ဖွင့်ထားကြောင်း ယူနိုက်တက် သတင်းအရင်းအမြစ်တွေကနေ ဖော်ပြလို့ထားပါတယ်။

Exit mobile version