နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို တကျော့ပြန် ပြောင်းရွှေ့လာခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုက ယူနိုက်တက် အပြန်ခရီးမှာ အောင်မြင်မှုများစွာကို ရယူချင်ကြောင်းနဲ့ ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးချင်တယ်လို့ သူရဲ့ယူနိုက်တက် အသင်းဖော်တွေကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၆)နှစ်အရွှယ်ရှိ ဘလွန်းဒီအော(၅)ဆုရှင် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာပဲ ဂျုဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ အံ့အားသင့်စဖွ.် တကျော့ပြန် ရောက်ရှိလာခဲ့ပြီး အခု ကျင်းပနေတဲ့ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးသွားလို့ ကလပ်အသင်းပွဲတွေ ပြန်လည်ကစားရမယ့်အချိန် နယူးကာဆဲလ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ ရော်နယ်လ်ဒို ယူနိုက်တက်နဲ့ စတင်ပွဲဦးထွက်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ဆုဖလား (၃)ကြိမ်အထိ ရယူထားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုဟာ အခုရာသီမှာလည်း ယူနိုက်တက်နဲ့အတူ (၄)ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ထပ်မံရယူသွားဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

Photo Credit : Daily Mail

ရော်နယ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် အသင်းကို ရောက်ရှိလာချိန်မှာ ယူနိုက်တက်အသင်းတွေက အရမ်းကို စိတ်ဓါတ်တတ်ကြွလျက် ရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းရဲ့ လူစာရင်းက အတောင့်တင်းဆုံး အခြေအနေမျိုးကို ရောက်ရှိနေတာကြောင့် နှစ်အတန်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဆုဖလားကို ပြန်လည်ရယူဖို့အထိပါ ယုံကြည်ချက်တွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ စကားတွေ ပြောဆိုလျက်ရှိပြီး သူ့အနေနဲ့ ဒီရာသီအတွင်း ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကို အရယူသွားချင်တယ်လို့ ဖာနန်ဒက်စ်ကနေတစ်ဆင့် အသင်းဖော်တွေကို အသိပေး ပြောဆိုမှုတွေ လုပ်ဆောင်ထားခဲ့ပါသေးတယ်။ ရော်နယ်လ်ဒိုဟာ အသက်အရွှယ်အရ အကျပိုင်းဘက်ကို ရောက်နေတယ်ဆိုပေမယ့်လည်း သူရဲ့ဆုဖလားတွေ အောင်မြင်မှုတွေအပေါ် ဆာလောင်တဲ့စိတ်က အရမ်းပြင်းပြလွန်းသလို အသက်အရွှယ်နဲ့မလောက်အောင်လည်း အမြဲကြိုးစားနေတတ်တဲ့ စံပြဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ပါတယ်။