အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဒုတိယပိုင်း ပွဲကစားချိန်မှသာ ပါဝင်ကစားခွင့်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ သူ့ကို အရန်ခုံမှာ ထားပြီးမှ ဒုတိယပိုင်း ပွဲချိန်လောက်မှသာ ထည့်သွင်းအသုံးပြုခဲ့ခြင်းကို အသင်းအတွက် သူအနေနဲ့ ပွဲတိုင်းနီးပါး ပါဝင်ကစားနိုင်တယ်လို့ နည်းပြဆိုးလ်ရှားကို ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာမှ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း အကောင်းဆုံး စွမ်းဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အဲဗာတန်အသင်းနဲ့ တစ်ဖက်ကိုတစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်းမှာတော့ ရော်နယ်လ်ဒိုကို ဒုတိယပိုင်းမှသာ ထည့်သွင်းအသုံးပြုခဲ့တာကြောင့် ယူနိုက်တက်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို ရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း သူ့ကို အရန်ခုံမှာ ထိုင်ခိုင်းထားခြင်းအပေါ် စိတ်ပျက်လို့နေပါတယ်။

Photo Credit : The Sun

“အရန်ခုံမှာ ထိုင်နေရခြင်းအပေါ် ရော်နယ်လ်ဒိုဘက်က အလွန်အမင်းကို စိတ်ပျက်နေရပါတယ်။ အိုလေဘက်က ထင်တာကတော့ ဗီလာရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲအပြီး ရော်နယ်လ်ဒို အရမ်းပင်ပန်းသွားတယ်ဆိုပြီးပေါ့လေ။ ဒါကြောင့်ပဲ အဲဗာတန်နဲ့ပွဲမှာ ဒုတိယပိုင်း အစလောက်မှပဲ ရော်နယ်လ်ဒိုကို အသုံးပြုသွားမယ်ဆိုပြီး စီစဉ်ခဲ့တာ။ ဒါပေမယ့် ရော်နယ်လ်ဒိုကတော့ သူအနေနဲ့ ပွဲကစားဖို့အတွက် သူ့ဘက်က ကြံခိုင်မှု မပြည့်ဝနေတာမျိုး ဖြစ်နေမယ်ဆိုရင် သူအသိ်ပေးမယ်လို့ ဆိုးလ်ရှားကို ပြောဆိုထားပါတယ်။ သူအနေနဲ့ Fit ဖြစ်နေတယ်ဆိုရင်တော့ အသင်းအတွက် ပွဲတိုင်းလိုလိုကို ပါဝင်ကစားချင်တယ်လို့လည်း ပြောထားတယ်။ သူ ထပ်ပြောထားတာကတော့ သူဒီနေရာကို ရောက်လာတာက ဆုဖလားတွေများစွာကို ဆွတ်ခူးဖို့ဖြစ်ကြောင်းနဲ့ ယူနိုက်တက်အသင်းအနေနဲ့ အရေးပါတဲ့ ပွဲစဉ်တွေအတွင်း အသင်းရဲ့ အဓိက ကစားသမားတွေကို ကစားခွင့်ပေးဖို့ လိုတယ်ဆိုတာပါပဲ” လို့ ယူနိုက်တက်အသင်းရဲ့ သတင်းအရစ်အမြစ်တစ်ခုကနေ ဖော်ပြသွားခဲ့ပါတယ်။