မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ဂယ်ရီနဖီးလ်ဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးနောက်မှာ ဘောလုံးနည်းပြဘဝထဲကို ပြန်လည်ဝင်ရောက်ဖို့ ဟန်ပြင်ခဲ့ပြီး စပိန်လာလီဂါ ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ဗလင်စီယာအသင်းကို ၂၀၁၅-၂၀၁၆ ဘောလုံးရာသီအတွင်းမှာ သူနဲ့ ယူနိုက်တက်အသင်းမှာ အသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ စပိန်လာလီဂါမှာ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး သူရဲ့ဆုုိးရွှားလှတဲ့ နည်းစနစ်တွေကြောင့် ရော်နယ်ဒိုရဲ့ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဗလင်စီယာဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ သူရဲ့နည်းပြဘဝ ပထမဆုံးအသင်းအဖြစ် ဗလင်စီယာအသင်းကို ကိုင်တွယ်ခဲ့ပြီး ၃လပဲ ကိုင်တွယ်ခဲ့ရကာ သူရဲ့ဆိုးရွှားတဲ့ စွမ်းဆောင်ရည်တွေကြောင့် နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ နဖီးလ်ဟာ ဗလင်စီယာအသင်းကို (၉)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး (၁)ပွဲလေးပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် နဖီးလ်ဟာ လာလီဂါထိပ်သီးအသင်းကြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရဖူးပြီး တစ်ဖက်ကို ၂ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ကာ ဒီသရေပွဲကြောင့်ပဲ ရီးရဲလ်အသင်းရဲ့ လာလီဂါချန်ပီယံမျှော်လင့်ချက် ပျက်ဆီးသွားခဲ့ရတာပဲဖြစ်ပါတယ်။

Photo Credit : Bein Sports

အဆိုပါပွဲနဲ့ပတ်သက်ပြီး ဂယ်ရီနဖီးလ်က “ရီးရဲလ်အသင်းနဲ့ တစ်ဖက်ကို ၂ဂိုးစီသရေကျခဲ့တုန်းကဆိုရင် ကျွန်တော်တို့အသင်းက နိုင်ပွဲရဖို့လောက်အထိ နီးစပ်ခဲ့ပါတယ်။ အဲ့ဒီချိန်တုန်းက ရီးရဲလ်မှာ ရာဖေးဘင်နီတက်ဇ်က နည်းပြနေတာပါ။ အဲဲ့ဒီပွဲကလည်း သူ့အတွက် ရီးရဲလ်နည်းပြဘဝ နောက်ဆုံးပွဲဖြစ်ခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ကျွန်တော်သုံးခဲ့တဲ့ နည်းစနစ်ကို ပြန်လည်သတိရမိသေးတယ်။ ကွင်းမျက်နှာပြင်မှာ မြက်ခင်းတွေကို အရှည်ကြီးဖြစ်အောင် လုပ်ထားတဲ့ နည်းစနစ်ပါ။ ကွင်းအတွင်းမှာ မြက်တွေကို ရေမလောင်းထားတော့ မြက်ပင်တွေကရှည်နေလို့ ရော်နယ်ဒိုတို့ ဘေးလ်တို့တွေရဲ့ အမြန်နှုန်းတွေကို ဟန့်တားခံထားရသလို ဖြစ်နေရတယ်။ လယ်ကွင်းတစ်ခုနဲ့တောင် တူနေပါတယ်။ ရော်နယ်ဒိုကတော့ ပွဲမတိုင်ခင်ကတည်းက ကျွန်တော့်ကိုလာတွေ့ပြီး လက်သင့်ခံစရာမကောင်းတဲ့ နည်းစနစ်ကို သုံးထားတယ်ဆိုပြီး ဝေဖန်သွားတယ်။ အဲ့ဒီညပွဲမှာ သူဘယ်လိုမှ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။