ဘောလုံးလောကထဲကနေ အနားယူထားတဲ့ နာမည်ကျော် အီတလီဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ ကာဆာနိုက ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူဂိုးသွင်းယူနိုင်ဖို့အတွက်ကိုပဲ အာရုံစိုက်တတ်သူဖြစ်ကာ အသင်းဖော်တစ်ဦးဦးက ဂိုးသွင်းခဲ့မယ်ဆိုရင်တော့ သူကဒါကို ဂရုစိုက်လေ့မရှိဘူးလို့ မှတ်ချက်ပြု ဝေဖန်ပြောဆိုလိုက်ပါတယ်။

Photo Credit : CBS Sports

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ဒီနောက်ပိုင်း ကစားခဲ့ရတဲ့ ပွဲစဉ်တွေအတွင်း ဂိုးပေါက်ပျောက်ဆုံးလို့နေပြီး မနေ့ညက ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် ဂိုးသွင်းနိုင်ခြင်းမရှိပဲ ရုန်းကန်ခဲ့ရပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ မနေ့ညက ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း (၂)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို တောင်ပံတိုက်စစ်ကစားသမား ခီယေဇာကနေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

Photo Credit : talkSPORT

နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးသွင်းဖို့ ရုန်းကန်နေရတဲ့ ရော်နယ်ဒိုရဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုက “သူက ဂိုးပေါင်းများစွာကို သွင်းယူနေတဲ့သူပါ။ ဒါပေမယ့် အန်ဒရေပီယာလိုရဲ့ နည်းစနစ်တွေအောက်မှာတော့ သူဘောလုံးကစားရတာက အနည်းငယ်ခက်ခဲကောင်း ခက်ခဲနေနိုင်တယ်လို့ ကျွန်တော်ခဏခဏ ပြောခဲ့ပါတယ်။ သူက ပွဲတိုင်းနီးပါးမှာ သွင်းဂိုးတွေကို သွင်းယူနိုင်တတ်သူဆိုပေမယ့် ပီယာလိုလက်အောက်မှာတော့ ရုန်းကန်လို့နေရပါတယ်။ သူဟာ အမြဲလိုလို တစ်ကိုယ်ကောင်းဆန်နေတတ်သူပါ။ တခြားသူတွေ ဂိုးသွင်းတယ်ဆိုရင်တောင် သူက သိပ်ဂရုမစိုက်တတ်ပါဘူး။ သူက အသင်းရဲ့ပွဲစဉ်တွေအတွက် ရှင်သန်နေတဲ့သူမျိုး မဟုတ်ပါဘူး။ သွင်းဂိုးတွေအတွက် ရှင်သန်နေတာဖြစ်ပြီးတော့ အခုအချိန်မှာကတော့ အခြေအနေတွေက ဆိုးရွှားလျက်ရှိနေပါတယ်” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဂျုဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၇)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း (၂၃)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှု (၃)ကြိမ်အထိ လုပ်ဆောင်ထားခဲ့ပါတယ်။