MySport Myanmar

အသင်းက နည်းပြဆိုးလ်ရှားကို အချိန်ပိုပေးခဲ့သင့်တယ်လို့ ရော်နယ်လ်ဒို သုံးသပ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပီယာ့စ်မော်ဂန်တို့ရဲ့ မိနစ်(၉၀)စာ အင်တာဗျူးထဲက အပိုင်းအစတွေ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်ပြီး ဒီတစ်ကြိမ်မှာတော့ ရော်နယ်လ်ဒိုက သူရဲ့ နည်းပြဟောင်းလည်းဖြစ် အသင်းဖော်ဟောင်းလည်းဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Viva

စတင် ထွက်ပေါ်လာခဲ့တဲ့ အင်တာဗျူး အပိုင်းအစထဲမှာ အသင်းတာဝန်ရှိသူတွေ အသင်းဖော်ဟောင်းတချို့နဲ့ လက်ရှိအသင်းနည်းပြနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောဆိုခဲ့ရာ အခုတော့ ရော်နယ်လ်ဒိုက သူ့ကို ယူနိုက်တက်အသင်းဆီ ပြန်လည် ခေါ်ဆောင်ခဲ့တဲ့ နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ပတ်သတ်ပြီး ပြောဆိုလာခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ဆိုးလ်ရှားနဲ့ တစ်ရာသီပြည့်တဲ့အထိတောင် လက်မတွဲခဲ့ရပဲ ရာသီဝက်ခန့်သာ လက်တွဲခဲ့ရပြီး လက်ကျန်ရာသီဝက်မှာ ရန်းနစ်လက်အောက် ကစားခဲ့ရသလို ဒီရာသီမှာလည်း တန်ဟက်ဂ်လက်အောက်မှာ ကစားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဆ်ိုးလ်ရှားနဲ့ လက်တွဲခဲ့စဉ်တုန်းက (၁၃)ပွဲအတွင်း (၉)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဆိုးလ်ရှားကို ယူနိုက်တက်နည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားရမယ်လို့သာ ထင်ခဲ့မိတယ်လို့ သိရပါတယ်။ “ကျွန်တော် ဆိုးလ်ရှားကို ချစ်ခင်ပါတယ်။ သူက ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက်လို့ ကျွန်တော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်နှလုံးသားထဲမှာ သိမ်းဆည်းထားတဲ့ အရာတွေက လူသားတွေရဲ့ စိတ်နှလုံးသားပါပဲ။ ပြီးတော့ အိုလေက ကျွန်တော့်အတွက်တော့ ထိပ်တန်းလူတစ်ဦးပါ။ ဆာအဲလက်စ်ဖာဂူဆန်ရဲ့နောက် သူ့ရာထူးကို ဆက်ခံဖို့က ခက်ခဲပေမယ့် အိုလေ ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒီလို လုပ်နိုင်ဖို့ကလည်း အချိန်အများကြီး လိုအပ်တယ်။ ဒါပေမယ့် အနာဂတ်မှာ အိုလေက နည်းပြကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုတာကို ကျွန်တော် လုံးဝ သံသယမဝင်ပါဘူး။ ဒီမှာလည်း သူ အတွေ့အကြုံကောင်းတစ်ခု ရခဲ့ပါတယ်။ ကျွန်တော် သူနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့ အချိန်တွေ တိုတောင်းခဲ့ရပေမယ့် အဲ့ဒီအချိန်တွေကို ကျွန်တော် နှစ်သက်မိပါတယ်” လို့ ရော်နယ်လ်ဒိုက ဖွင့်ဟသွားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုက ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးချိန်မှာ ရန်းနစ်လို အားကစားဒါရိုက်တာတစ်ဦးထက် ထိပ်တန်းနည်းပြတစ်ဦးကိုသာ အစားထိုး ခန့်အပ်ခဲ့သင့်တယ်လို့လည်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

Exit mobile version