၂၀၂၃ခုနှစ် နှစ်အစပိုင်းမှာပဲ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် နာဆာအသင်းဆီ ရွေးချယ် ပြောင်းရွှေ့သွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကမ္ဘာ့ ဘောလုံးရပ်ဝန်းက ဘောလုံးပရိသတ်တချို့ ဝေဖန် လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့်လည်း အခုတော့ ဥရောပ ကစားသမား တော်တော်များများက သူတို့ နောင်တော်ကြီး ရော်နယ်လ်ဒို ဖောက်ခဲ့တဲ့ လမ်းအတိုင်း ဆော်ဒီ ဘောလုံးကမ္ဘာဆီ အရောက် လှမ်းလာနေကြပြီပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

   ရော်နယ်လ်ဒိုဆိုတာ အရွယ်ကောင်းစဉ် အချိန်အခါတုန်းက သူရဲ့ ထိပ်တန်း ခြေစွမ်းတွေနဲ့ အသင်းလိုက် ဆုဖလားတွေ တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့ စံချိန်ပေါင်းများစွာကို မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့အတူ အပြိုင်အဆိုင် ရယူခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အသက်အရွယ်မျိုး ကစားသမားဘဝ နေဝင်ချိန်မျိုးမှာတော့ ငွေကြေး မြိုးမြိုးမြက်မြက် ရရှိမယ့် နေရာတစ်ခုမှာ ပါဝင် ကစားရင်းနဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ဖို့ ရွေးကို ရွေးချယ်သင့်ပါတယ်။ ဒါကြောင့်လည်း ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ကို ရွေးချယ်ခဲ့တယ်။ တစ်နှစ်လုပ်ခလည်း အမြောက်အများကို ရရှိနေပါတယ်။

Photo Credit : Twitter

   ဒါပေမယ့် ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့စဉ်မှာ သူဟာ တခြား ဘောလုံးသမားတွေ ဆော်ဒီလိဂ်ဆီ ရောက်လာနိုင်ဖို့အတွက် လမ်းဖောက်ပေးခဲ့သူလို့ ဆိုခဲ့သလို ဆော်ဒီလိဂ်ဟာလည်း မကြာခင်မှာ ကမ္ဘာ့အကောင်းဆုံးလိဂ်တွေထဲ ရောက်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ အခုဆို သူပြောသလိုတွေက ဖြစ်လာနေပါပြီ။ ဘောလုံးသမားကောင်းတချို့ ဆော်ဒီလိဂ်ဆီ အလုံးအရင်းနဲ့ ပြောင်းရွှေ့လာကြသလို အဲ့ဒီလို နာမည်ကျော် ကစားသမားတွေ ရောက်လာမှုနဲ့အတူ ဆော်ဒီလိဂ်ကိုလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေ အတော်လေး စိတ်ဝင်တစား ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

   ဒီအကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး ရော်နယ်လ်ဒိုက “ကျွန်တော် ဆော်ဒီလိဂ်ကို ရွေးချယ်ခဲ့တော့ သူတို့တွေ ကျွန်တော့်ကို ဝေဖန်ကြတယ်။ ဒါပေမဲ့ အခု ဘာတွေ ဖြစ်နေပြီလဲ။ ကျွန်တော်က လမ်းဖောက်ပေးခဲ့တယ်။ တခြား ကစားသမားတွေက အဲ့လမ်းအတိုင်း အကုန်ရောက်လာကြတယ်။ တစ်နှစ်ပြီးတစ်နှစ် ကစားသမားတွေက ထပ်ပြီး ရောက်လာကြဦးမှာပါ။ တစ်နှစ်အတွင်းမှာပဲ ဆော်ဒီလိဂ်က တူရကီလိဂ် နဲ့ နယ်သာလန်လိဂ်တို့ကို ကျော်တတ်လိမ့်မယ်။ ဆော်ဒီလိဂ်က မေဂျာလိဂ်ထက်လည်း ပိုကောင်းတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။