ဒီနှစ် နွေဈေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေတဲ့ ထိပ်တန်းစူပါစတား ဘောလုံးသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အနာဂတ် အခြေအနေတွေက လတ်တလောမှာ လှုပ်လှုပ်ခတ်ခတ် ရှိနေရပြီး အမည်ဖော်ထားခြင်းမရှိတဲ့ ဆော်ဒီအာရေဗျ ကလပ်အသင်းတစ်သင်းကပါ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ တစ်နှစ်လုပ်ခ ပေါင်(၁၀၅)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ CNN Portugal သတင်းမီဒီယာကနေ ဖော်ပြထားခဲ့ပါတယ်။
Photo Credit : SportsMole
အသက်(၃၇)နှစ်အရွယ် GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တစ်ရာသီအတွင်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း အသင်းက ရာသီကုန်မှာ ဆုဖလားလက်မဲ့လည်း ဖြစ်ခဲ့သလို ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေပေါ်မှာ စိတ်ပျက်နေရတဲ့ ရော်နယ်လ်ဒိုက အခုလည်း အသင်းရဲ့ နွေဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှု နှေးကွေးနေခြင်းအပေါ် စိတ်ကုန်လာခဲ့ပြီး အသင်းရဲ့ ပရောဂျက်တွေကိုပါ စိတ်တိုင်းမကျတော့တဲ့အတွက် အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Sporting News
ဒီလို အခြေအနေရှိနေတဲ့ ရော်နယ်လ်ဒိုဟာ ဥရောပထိပ်တန်း ကလပ်အသင်းများစွာနဲ့ သတင်းထွက်လာခဲ့ရပြီး ရော်နယ်လ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကလည်း ဘိုင်ယန်မြူးနစ် ဘာစီလိုနာ ပီအက်စ်ဂျီ ချယ်လ်ဆီးအသင်းတွေပါ ရော်နယ်လ်ဒို အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ပါသေးတယ်။ သုံးသပ်ချက်တွေအရ ရော်နယ်လ်ဒိုအနေနဲ့ ဘိုင်ယန်ကို ရောက်ရှိဖို့ ရေပန်းစားနေတယ်လို့ သုံးသပ်ထားပေမယ့်လည်း ယူနိုက်တက်အသင်းနဲ့ အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်တို့ကတော့ ရော်နယ်လ်ဒိုကို အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ထားကြပါတယ်။ ဒီအချိန်မှာ အမည်ဖော်ပြထားခြင်း မရှိတဲ့ ဆော်ဒီအာရေဗျ ကလပ်အသင်းတစ်သင်းက ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀) ရော်နယ်လ်ဒိုအတွက် တစ်နှစ်လုပ်ခ ပေါင်(၁၀၅)သန်းနဲ့ (၂)နှစ်စာချုပ် အပြောင်းအရွှေ့ အထမြောက်ခဲ့မယ်ဆိုရင် ရော်နယ်လ်ဒိုအေးဂျင့် မန်ဒက်စ်အတွက် အေးဂျင့်ကြေး ပေါင်သန်း(၂၀)နဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။ ငွေကြေးပမာဏအရတော့ မက်မောလောက်စရာ ဖြစ်နေပေမယ့်လည်း ရော်နယ်လ်ဒိုလို ရည်မှန်းချက် ကြီးမားသူကတော့ အရှေ့အလယ်ပိုင်း ကလပ်အသင်းမှာထက် ဥရောပထိပ်တန်း အသင်းတစ်သင်းကိုသာ ရွေးချယ်ပြီး ဆုဖလား အောင်မြင်မှုတွေ ဆက်လက်ရယူသွားဖွယ် ရှိနေပါတယ်။