မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ရီးယဲလ်မက်ဒရစ်အသင်းဆီ ရောင်းချလိုက်ပြီးနောက်ပိုင်း အန်တိုနီယိုဗလင်စီယာ မိုက်ကယ်အိုဝင် အိန်ဂျယ်ဒီမာရီယာ မန်ဖစ်ဒီပိုင်း အလက်ဆစ်ဆန်းချက်ဇ်နဲ့ အက်ဒီဆင်ကာဗာနီတို့က ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ်(၇)ကို ဆက်ခံခဲ့ကြပေမယ့် ကာဗာနီ တစ်ဦးတည်းသာ အသင်းမှာ အံ့ဝင်နိုင်ခဲ့သလို ကျောနံပါတ်(၇)နဲ့လည်း ထိုက်တန်ခဲ့ပေမယ့် ကျန်တဲ့ ကစားသမားတွေကတော့ ကျောနံပါတ်(၇)နဲ့ ကျိန်စာသင့်နေသလို ဖြစ်ခဲ့ရပြီး နံပါတ်ပြောင်းလဲရတာနဲ့ အသင်းပြောင်းရတာတွေ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Hello Nice World

ယူနိုက်တက်ပရိသတ်များစွာက ရော်နယ်လ်ဒိုနောက်ပိုင်း ကျောနံပါတ်(၇)နဲ့ အမှန်အကန် ထိုက်တန်လှတဲ့ ကစားသမားမျိုးကို မျှော်လင့်နေခဲ့ပြီး ဒေါ့မွန်ကနေ ပြောင်းရွှေ့လာတဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို (၇) ပေးဖို့ ထင်မှတ်ခဲ့ပေမယ့် ဆန်ချိုက ကျောနံပါတ် (၂၅)ကိုသာ ဝတ်ဆင်ခဲ့ပြီး နောက်ဆုံးမှာတော့ ယူနိုက်တက်အတွက် တကယ့် ကျောနံပါတ်(၇)ပိုင်ရှင်ကြီး ရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာခဲ့သလို အသင်းနဲ့ ပွဲအနည်းငယ် ကစားခဲ့အပြီးမှာပဲ (၃)ပွဲဆက်တိုက်အထိ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Track News Media

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၃ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ (၆)နှစ်ဝန်းကျင်လောက် ပါဝင်ကစားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ပရီးမီးယားလိဂ်ဖလား (၃)ကြိမ် အက်အေဖလား (၁)ကြိမ် လိဂ်ဖလား (၂)ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့သလို အသင်းရဲ့ အအောင်မြင်ဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ အခုလည်း ယူနိုက်တက်အသင်းဆီကို ပြန်လည်ကြွမြန်းလာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အသင်းနဲ့ ပွဲစဉ်(၃)ပွဲ ပါဝင်ကစားခဲ့ပြီးနောက်မှာ အသင်းအတွက် သွင်းဂိုး(၄)ဂိုး သွင်းယူပေးထားနိုင်ခဲ့သလို ယခင်ကျောနံပါတ်(၇) ပိုင်ရှင်ဟောင်းတွေဖြစ်တဲ့ ဆန်းချက်ဇ် ဒီမာရီယာတို့ ယူနိုက်တက်အတွက် သွင်းယူပေးထားနိုင်ခဲ့တဲ့ သွင်းဂိုးပမာဏနဲ့ အရေအတွက်ချင်း တူညီအောင် ပွဲစဉ်(၂)ပွဲအတွင်းမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီမာရီယာက ယူနိုက်တက်အတွက် လိဂ်ပွဲပေါင်း (၂၇)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး(၃)ဂိုးသာ သွင်းယူထားခဲ့သလို ဆန်းချက်ဇ်ကလည်း လိဂ်ပွဲပေါင်း (၃၂)ပွဲအတွင်း (၃)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီကစားသမားတွေထက် အသက်အရွှယ် ကြီးရင့်နေတဲ့ ရော်နယ်လ်ဒိုကတော့ လိဂ်ပွဲ(၂)ပွဲအတွင်းမှာပဲ ဒီမာရီယာ ဆန်းချက်ဇ်တို့ အသင်းအတွက် သွင်းယူနို်င်ခဲ့တဲ့ ဂိုးပမာဏနဲ့ တူညီနိုင်ခဲ့ရပါတယ်။