ပေါ်တူဂီကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုက ပါရမီရှင် ဘောလုံးသမားမျိုး မဟုတ်ပေမယ့် အမြဲတမ်း ​ကြိုးစားအားထုတ်နေတတ်တဲ့ ဇွဲကောင်းသော ဝီရိယကောင်းသော ဘောလုံးသမားမျိုးဖြစ်ပြီး ဒီလို မဆုတ်မနစ် အပီအပြင် အားထုတ်လာမှုကနေ သူ့ကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးထိ ဖြစ်လာစေခဲ့ရပါတယ်။ ဒါဆို ရော်နယ်ဒိုဟာ အပြင်းအထန် ကြိုးစားမှုကြောင့် ကမ္ဘာကျော်ခဲ့ အောင်မြင်ကျော်ကြားလာခဲ့တာဖြစ်သလို ဘောလုံးလောကရဲ့ စံချိန်တွေကိုပါ ရိုက်ချိုးနိုင်ခဲ့တဲ့အထိကို စွမ်းဆောင်လာနိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

Photo Credit : Twitter

ရော်နယ်ဒိုဟာ လက်ရှိမှာ အသက်အရွယ်အားဖြင့် ဘောလုံးသမားတစ်​ဦးအတွက် ကစားသမားဘဝ နေဝင်ချိန်ဘက်ခြမ်းကို ရောက်ရှိနေပေမယ့် ရော်နယ်ဒိုကတော့ မီးစာမကုန်ခမ်းသေးပဲ ဆက်လက်တောက်ပလို့နေပါတယ်။ လက်ရှိမှာလည်း ယူရိုပြိုင်ပွဲဲကြီးကိုပါ (၅)ကြိမ်ဆက်တိုက် စံချိန်တင်အောင် ပါဝင်ဆင်နွဲခွင့်ရထားခဲ့တဲ့ ရော်နယ်ဒိုဟာ ယူရို-၂၀၂ဝပြိုင်ပွဲက သူ့အတွက် နောက်ဆုံးအကြိမ် ပါဝင်ယှဥ်ပြိုင်ရတဲ့ ယူရိုပြိုင်ပွဲ ဖြစ်လာနိုင်လို့ ရော်နယ်ဒိုအနေနဲ့ လက်ရွေးစင်အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေကို အရယူသွားဖို့ ဆုံးဖြတ်ထားတဲ့အပြင် ကစားသမားတစ်ယောက်အတွက် အရေးအပါဆုံး အရာဖြစ်တဲ့ စံချိန်သစ်တွေကို ရေးထိုးသွားနိုင်ဖို့အထိပါ ကြိုးစားလာမှာ သေချာပါတယ်။ တကယ်တမ်းမှာလည်း သူ ကြိုးစားဖြစ်ခဲ့ပါတယ်။

Photo Credit : Twitter

ရော်နယ်ဒိုဟာ မနေ့ညကပဲ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စု(F) တာထွက်ပွဲစဉ်အဖြစ် ဟန်ဂေရီလက်ရွေးစင်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး သူရဲ့ပေါ်တူဂီအသင်းအတွက် ဒုတိယမြောက်နဲ့ တတိယမြောက်သွင်းဂိုးတွေကို သွင်းယူခဲ့ပြီး အသင်းကို အဖိုးတန် အနိုင်ရလဒ်တစ်ခု ယူဆောင်ပေးခဲ့သလို သူကိုယ်တိုင်ကပါ အကြီးမားဆုံး စံချိန်ကောင်းကြီးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဒုတိယမြောက် သွင်းဂိုးကြောင့် ယူရိုပြိုင်ပွဲသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားတစ်ယောက် ဖြစ်လာရသလို ကလပ်အသင်းနဲ့ရော လက်ရွေးစင်အသင်းနဲ့ပါ UEFA လက်အောက် ပြိုင်ပွဲတွေဖြစ်တဲ့ ယူရိုပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ စံချိန်တင်သွားခဲ့ရပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက်တော့ အတော်လေးကို ဂုဏ်ယူစရာကောင်းတဲ့ စံချိန်သစ်တွေဖြစ်ပြီး လက်ရှိမှာ သူရဲ့နိုင်ငံတကာသွင်းဂိုး စုစုပေါင်းဟာလည်း (၁၀၆)ဂိုးအထိ ရှိလာခဲ့တာကြောင့် အီရန်တိုက်စစ်မှူးကြီး အလီဒါယီရဲ့ သွင်းဂိုးကို လိုက်မီဖို့က (၃)ဂိုးပဲ လိုအပ်တော့သလို (၄)ဂိုးသာ သွင်းယူနိုင်မယ်ဆိုရင် ရော်နယ်ဒိုအနေနဲ့ ဘောလုံးလောကအတွင်း နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဆိုတဲ့ စံချိန်သစ်ကို ထပ်မံပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီစံချိန်ကိုလည်း သူပိုင်ဆိုင်သွားလိမ့်မယ်ဆိုတာကလည်း လုံးဝကို သေချာနေပါတယ်။