နေ့ရက်တစ်ရက်တည်းမှာပဲ နယ်ပယ်တစ်ခုထဲအတွင်း အထူးချွန်ဆုံး လူပုဂ္ဂိုလ်တွေများစွာကို မွေးဖွားခဲ့တဲ့ ဖြစ်ရပ်ဆန်းမျိုးက အတော်လေးကို ထူးခြားပါတယ်။ ဒါပေမယ့် ဒီနေ့ဒီရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့ကတော့ သမိုင်းထဲမှာ ထူးထူးခြားခြားအနေနဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေကို မွေးဖွားခဲ့ပြီး မွေးနေ့ရှင်တွေထဲမှာ လက်ရှိ ဘောလုံးလောကအတွင်း ကျင်လည်နေကြသေးတဲ့ ခရစ္စတီယာနိုရော်နယ်ဒို နေမာ ကားလို့စ်တဲဗက်ဇ် အဒမ်ယာနူဇိုက်တို့လို ပါဝင်လျက်ရှိနေပြီး Feb 5Th နေ့ရက်က ဘောလုံးသမိုင်းထဲမှာ အထင်ရှားဆုံးနေ့တစ်နေ့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒီနေ့ မွေးနေ့ရှင်တွေထဲမှာ လက်ရှိဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဖေဖော်ဝါရီ၅ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဘောလုံးသမားတွေထဲမှာ အအောင်မြင်ဆုံးသူဖြစ်ပြီး ဒီနေ့မှာ အသက်၃၅နှစ်ပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား ယူရိုဖလားတွေကို ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုကို ၅ကြိမ်တိုင်အောင် ပိုင်ဆိုင်ထားခဲ့ပြီး မန်ချက်စတာယူနိုက်တက် ရီးရဲလ်မက်ဒရစ် ဂျုဗင်တပ်စ်အသင်းတွေနဲ့အတူ အမှတ်ပေးလိဂ်ဖလားတွေကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လတ်တလောမှာလည်း စီးရီးအေ၉ပွဲဆက်တိုက် သွင်းဂိုးရယူထားကာ အကောင်းဆုံးခြေစွမ်းတွေကို ထိန်းသိမ်းထားနိုင်ပါတယ်။

Photo Credit : Getty Images

နောက်မွေးနေ့ရှင်တွေထဲမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား နေမာလည်း ပါဝင်နေပြီး ဒီနေ့မှာ အသက်၂၈နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ကစားသမားထဲမှာတော့ ကမ္ဘာကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒို မက်ဆီတို့နဲ့ တွဲဖက်ကစားဖူးခဲ့သူ တဲဗက်ဇ်ကလည်း ဒီနေ့မှာ အသက်၃၆နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ ဒီလို မွေးနေ့ချင်းတူတဲ့ တဲဗက်ဇ်နဲ့ ရော်နယ်ဒိုတို့နှစ်ယောက်ဟာ ယူနိုက်တက်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို တစ်ရာသီတည်းမှာပဲ အတူတကွ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီကစားသမားတွေအပြင် ဘာစီလိုနာနဲ့ နယ်သာလန်အသင်းတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဗန်ဘရွန်ခရော့စ် ၊ ရိုမေးနီးယား ကစားသမားဟောင်းကြီး ဟာဂျီ ၊ အင်တာမီလန် တိုက်စစ်ကစားသမားဟောင်း ပလာစီယို့စ် ၊ ယူနိုက်တက်ကစားသမားဟောင်း ယာနူဇိုက်နဲဲ့ ခရိုအေးရှားနောက်ခံလူဟောင်း ချော်လူကာတို့ကိုလည်း ဒီနေ့မှာပဲ မွေးဖွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။