ဂျုဗင်တပ်စ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သူရဲ့ကစားသမားဘဝအတွင်းမှာ ရင်သပ်ရှုမောစရာကောင်းလှတဲ့ သွင်းဂိုးတွေကို များစွာသွင်းယူခဲ့သူဖြစ်ပြီး အဲ့ဒီသွင်းဂိုးတွေအားလုံးထဲကမှ သူ့အတွက် အကောင်းဆုံးခေါင်းတိုက်သွင်းဂိုးကတော့ ဆမ်ဒိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ သူသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AS English

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း စီးရီးအေပွဲစဉ်(၃၃)ပွဲ ပါဝင်ကစားခဲ့ပြီး လိဂ်သွင်းဂိုး(၃၃)ဂိုးအထိ သွင်းယူခဲ့တာကြောင့် စီးရီးအေပြိုင်ပွဲရဲ့ ကစားသမားတွေ နည်းပြတွေနဲ့ ဒိုင်လူကြီးတွေအားလုံး မဲပေးရွေးချယ်မှုအရ ၂၀၂ဝခုနှစ် စီးရီးအေရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့ရပါတယ်။ စီးရီးအေရဲ့ အကောင်းဆုံးကစားသမားဆုကို လက်ခံရယူချိန်မှာ ရော်နယ်ဒိုဟာ ဆမ်ဒိုရီးယားနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အလန်းစား Jumping ကြီးနဲ့ သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးက သူရဲ့ကစားသမားဘဝအတွင်း အကောင်းဆုံးသော ခေါင်းတိုက်ဂိုးလို့ပါ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Anadoula Agency

ဒီဂိုးနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက “ဒီဂိုးက ကျွန်တော်ရဲ့ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးသော သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ရပါတယ်။ ဒီအတွက်လည်း ဘာသံသယ ရှိစရာမှကို မလိုပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း ရော်နယ်ဒိုက “ကျွန်တော်ကို ဒီဆုရရှိဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးခဲ့ကြတဲ့ ကျွန်တော့်အသင်းဖော်တွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ စိတ်အားထက်သန်မှု အလုပ်ကြိုးစားမှုနဲ့ ခွန်အားတွေအပေါ်မှာ ယုံကြည်ချက်ရှိမှုတွေက ဘောလုံးကစားနေခြင်းကို ပျော်မွေ့စေတယ်။ ဒါတွေသာ မရှိဘူးဆိုရင်တော့ သင့်အနေနဲ့ အသက်(၃၅) (၃၆) (၄၀)လောက်အထိ ဘောလုံးဆက်ကစားနိုင်လိမ့်မယ်လို့ တွေးနိုင်တော့မှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ဂျုဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၃၀)အထိ သွင်းယူထားနိုင်ခဲ့သလို စီးရီးအေမှာလည်း (၂၃)ဂိုး သွင်းယူထားခဲ့ကာ စီးရီးအေ ဂိုးသွင်းအများဆုံးဆုအတွက် ရေပန်းအစားဆုံး ဖြစ်လို့နေပါတယ်။