ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ တရားဝင်ဆုဖလား(၄)ခုကို ဂျုဗင်တပ်စ်ကစားသမားဘဝ (၂)နှစ်ခွဲကာလအတွင်းမှာပဲ ရယူနိုင်ခဲ့ပါတယ်။ ဒီလိုအသင်းလိုက်အောင်မြင်မှုတွေအပြင် ရော်နယ်ဒိုဟာ သူရဲ့ဂျုဗင်တပ်စ်ကစားသမားဘဝအတွင်း သူပါဝင်ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံပွဲပေါင်း(၁၀၉)ပွဲမှာ သွင်းဂိုးစုစုပေါင်း (၈၅)ဂိုးအထိကို သွင်းယူထားခဲ့ပြီး နောက်ထပ်ဂိုးအနည်းငယ် ထပ်မံသွင်းယူနိုင်တာနဲ့ ဂျုဗင်တပ်စ်အသင်းအတွက် သွင်းဂိုးအများဆုံး Top 10 စာရင်းထဲကို ဝင်ရောက်နိုင်တော့မှာပဲဖြစ်ပါတယ်။

Photo Credit : Twitter

အသက်(၃၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၈ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျုဗင်တပ်စ်ဆီကို ယူရိုသန်းတစ်ရာနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီလိုတန်ကြေးနဲ့ ထိုက်တန်မှုရှိကြောင်းကို သူရဲ့သွင်းဂိုးတွေနဲ့ အကောင်းဆုံးသက်သေပြနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဂျုဗင်တပ်စ်အသင်းအတွက် ရော်နယ်ဒိုသွင်းယူပေးနိုင်ခဲ့တဲ့ သွင်းဂိုးပမာဏက (၈၅)ဂိုးအထိကို ရှိလာခဲ့ရပြီး အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမားတွေရဲ့စာရင်းမှာ အဆင့်(၁၆)နေရာထိကိုတောင် တတ်လှမ်းလာနိုင်ခဲ့ကာ Top 10 ထဲရောက်ဖို့လည်း သွင်းဂိုးအနည်းငယ်သာ လိုအပ်တော့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဒယ်ပီယာရိုကတော့ သွင်းဂိုးပေါင်း (၂၉၀)နဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ သမိုင်းတလျှောက် အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားနိုင်သူအဖြစ်နဲ့ ရပ်တည်လို့နေပြီး သူ့နေရာကို ရော်နယ်ဒိုဝင်ရောက်လာဖို့က မလွယ်ကူနိုင်တော့ပေမယ့်လည်း အသင်းရဲ့ ဂိုးသွင်းအများဆုံး ထိပ်တန်း(၁၀)ယောက်စာရင်းထဲကိုတော့ ဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိ နံပါတ်(၁၀)နေရာမှာ ရပ်တည်နေတဲ့ ကစားသမားကတော့ ဖရက်ဒရစ်ကိုမွန်နယ်ရာတီဖြစ်ပြီး စုစုပေါင်းသွင်းဂိုး (၁၁၄)ဂိုး သွင်းယူထားကာ ရော်နယ်ဒိုထက် (၂၉)ဂိုးများလို့နေပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ လက်ကျန်ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာပွဲတွေကို ဆင်နွဲရဦးမှာဖြစ်သလို သူရဲ့စာချုပ်သက်တမ်းကလည်း ၂၀၂၂ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်လို့ လာမယ့်နွေစျေးကွက်အတွင်းမှာသာ အသင်းမပြောင်းပဲ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်ထိ ဂျုဗင်တပ်စ်မှာ ဆက်လက်ရှိနေမှသာ Top 10 စာရင်းထဲကို ပါဝင်နိုင်ဖို့အတွက် မျှော်လင့်ချက်ရှိမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာလည်း စီးရီးအေပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်လို့နေလျက်ရှိပါတယ်။