ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်လာရပြီးနောက်ပိုင်းကတည်းက အနာဂတ်အခြေအနေတွေ အတော်လေးကို လှုပ်ခတ်လာခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ လာမယ့်နှစ်နွေစျေးကွက်အတွင်းမှာပဲ ဂျုဗင်တပ်စ်ကနေ ထွက်ခွာပြီး သူရဲ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြန်သွားဖွယ်ရှိနေတယ်လို့ ကောလဟာလတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Outlook India

ဒါပေမယ့် အီတလီအခြေစိုက် နာမည်ကျော်သတင်းစာကြီးဖြစ်တဲ့ Tuttosport ကနေ ဖော်ပြလာချက်တွေအရ ရော်နယ်ဒိုသာ အသင်းပြောင်းဖြစ်မယ်ဆိုရင် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်ပူးပေါင်းဖို့ထက် နောက်ထပ်သူရဲ့ အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကိုသာ ပြောင်းရွှေ့နိုင်တယ်လို့ သိရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရီးရဲလ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေ ဒါမှမဟုတ် ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းတို့ကိုသာ ဦးစားပေး ခေါ်ယူဖွယ်ရှိတာကြောင့် ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမယ့် အခြေအနေက ဖြစ်နိုင်ခြေနည်းပါးနေရတာဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ (၆)နှစ်နီးပါး ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၃)ကြိမ် ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ အိုလေဂန်နာဆိုးလ်ရှားနဲ့လည်း အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခဲ့ဖူးပြီး အသင်းရဲ့ အောင်မြင်တဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်းဘက်က သူတို့ရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ထက် အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကိုသာ ခေါ်ယူသွားဖို့ ပိုမိုဆန္ဒရှိလို့နေပြီး ရော်နယ်ဒိုလို လုပ်ခလစာ မြင့်မားလွန်းကာ အသက်အရွှယ် ကြီးရင့်နေတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူသွားဖို့က အသင်းအတွက် စိန်ခေါ်မှုများတာကြောင့် ယူနိုက်တက်ကို ရောက်ရှိနိုင်ဖို့လည်း ခက်ခဲရဖွယ် ရှိနေပါတယ်။ ဂျုဗင်တပ်စ်အသင်းဘက်ကတော့ သူတို့ကစားသမားကို စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၂ခုနှစ်အထိ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလို့ထားပြီး မဖြစ်မနေသာ ရောင်းချရမယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)ခန့် အလိုရှိတယ်လို့ သိရှိရပါတယ်။