MySport Myanmar

မက်ဆီဒိုးနီးယားနဲ့ ပွဲစဉ်က အသက်တမျှ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်တယ်လို့ ရော်နယ်လ်ဒို သတိပေး

ဒီကနေ့ည ယှဉ်ပြိုင်ကစားသွားမယ့် ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ မြောက်မက်ဆီဒိုးနီးယားလက်ရွေးစင်အသင်းတို့ရဲ့ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ ပလေးအော့ နောက်ဆုံးအဆင့်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်မယ့် အသင်းက ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲခွင့် ရရှိပိုင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲစဉ်က အသင်းသားအားလုံးအတွက် အသက်တမျှ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်တယ်လို့ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုက သတိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ တူရကီလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် ပလေးအော့ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်မှာ (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပလေးအော့ နောက်ဆုံးအဆင့်ကို တတ်လှမ်းခဲ့ရသလို တစ်ဖက်မှာလည်း ယူရို-၂၀၂၀ ချန်ပီယံ အီတလီနဲ့ မက်ဆီဒိုးနီးယားတို့ ပွဲစဉ်မှာ မထင်မှတ်ပဲ ဧည့်သည်မက်ဆီဒိုးနီးယားက နောက်ကျအချိန်ပိုဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ပလေးအော့ ဖိုင်နယ်အဆင့်မှာ ပေါ်တူဂီနဲ့ မက်ဆီဒိုးနီးယားတို့က ထိပ်တိုက်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

Photo Credit : United in Focus

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး GOAT ကြီး ရော်နယ်လ်ဒိုက သူရဲ့ ပေါ်တူဂီအသင်းဖော်တွေအပေါ် “အသင်းက ယုံကြည်မှုရှိနေပြီး ဖိုင်နယ်အတွက်ကိုလည်း ကျွန်တော်တို့တွေ စိတ်လှုပ်ရှားနေပါတယ်။ ဒီပွဲစဉ်က ကျွန်တော်တို့ ဘဝတွေအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲပါ။ မြောက်မက်ဆီဒိုုးနီးယားအသင်းအတွက်လည်း ဒီလိုပဲ ဖြစ်နေပါလိမ့်မယ်။ ဖိအားတွေက ကျွန်တော်တို့အမြဲတမ်းရှိနေပြီး ဒါဟာ အရမ်းခက်ခဲမယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ မြောက်မက်ဆီဒိုးနီးယားက ဒီနေရာထိ ရောက်ရှိလာတာကလည်း သူတို့အသင်းအတွက် ထိုက်တန်မှု ရှိလို့ပါ။ သူတို့က တကယ်ကို စနစ်တကျတဲ့ ကောင်းကောင်းကြီး စုစည်တည်ဆောက်ထားပြီး ကျွန်တော်တို့ဘက်က ဒါကို လေးစားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘောလုံး အဆင့်အတန်းမျိုးနဲ့သာ ကစားမယ်ဆိုရင် ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနို်င်ငံ ပေါ်တိုမြို့က ပေါ်တိုအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမယ့် ပလေးအော့ နောက်ဆုံးအဆင့်ပွဲစဉ်တွင် နိုင်ငံတော်သီချင်း သီဆိုရာ နောက်ခံတီးလုံးသံ မဖွင့်ထားပဲနဲ့ ပေါ်တူဂီအသင်းသားတွေ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကွင်းထဲက ပေါ်တူဂီပရိသတ်တွေနဲ့ သံပြိုင်သီဆိုမှု ပြုလုပ်ဖို့ တောင်းဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။

Exit mobile version