ချန်ပီယံလိဂ်အောင်မြင်မှုတွေကို မရယူနိုင်ခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာသွားချင်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဒီရက်ပိုင်းအတွင်းမှာ လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခဲ့သလို အခုလည်း ရော်နယ်ဒိုရဲ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့မဟာပြိုင်ဘက်အသင်း သူရဲ့မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီရဲ့အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Photo Credit : Daily Mail

အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်ဒိုအတွက် ဂျုဗင်တပ်စ်အသင်းဟာ တစ်နှစ်ကို လုပ်ခလစာ ပေါင်(၂၈)သန်းအထိကို ပေးချေနေရတာဖြစ်ပြီး လက်ရှိမှာကလည်း ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ဘောလုံးအသင်းတိုင်းက စီးပွာရေးအကျပ်ရိုက်နေရချိန်မှာ အသင်းရဲ့သမိုင်းကြောင်းတလျှောက် လစာအများဆုံးကစားသမားဖြစ်နေရတဲ့ ရော်နယ်ဒိုကို စွန့်လွွှတ်သွားချင်နေတာဖြစ်တယ်လို့ စပိန်ဂျာနယ်လစ်တစ်ဦးကနေ BBC မှာ ပြောဆိုသွားခဲ့ပါတယ်။ စပိန်ဂျာနယ်လစ် ဘလာဂဲလ်ရဲ့ပြောဆိုချက်အရ ဂျုဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို ရောင်းချဖို့ ဘာစီလိုနာအသင်းဆီကိုပါ ဆက်သွယ်ထားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ဒီအပြောင်းအရွှေ့က အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင် ဘောလုံးပရိသတ်တိုင်း မျှော်လင့်နေကြတဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့ကို တစ်သင်းတည်းမှာ အတူတကွ တွဲဖက်ကစားနေတာကို မြင်တွေ့ရနိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းကိုယ်တိုင်ကပါ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသုံးစရိတ်များစွာ အသုံးပြုနိုင်ဖွယ်မရှိလို့ အပြောင်းအရွှေ့ဖြစ်လာဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ရော်နယ်ဒိုကလည်း သူအနေနဲ့ ဆယ်စုနှစ်တစ်ခုလောက်အထိ ကျင်လည်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အခါးသီးဆုံးပြိုင်ဘက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းနေရသလို တကယ်တမ်းသာ အသင်းကနေ ထွက်ခွာမယ်ဆိုရင်လည်း ရော်နယ်ဒိုရဲ့အသင်းသစ်က ပီအက်စ်ဂျီသာ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ရော်နယ်ဒိုရဲ့အခြေအနေကို အမြဲတမ်းစောင့်ကြည့်နေတာဖြစ်သလို သတင်းတွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့အားကစားဒါရိုက်တာ လီယိုနာဒိုတို့မှာလည်း ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ကို ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။