MySport Myanmar

တန်ဟက်ဂ်နဲ့ လက်တွဲရမယ့်အပေါ် ပျော်ရွှင် စိတ်လှုပ်ရှားနေတယ်လို့ ရော်နယ်လ်ဒို ဖွင့်ဟ

လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဖြစ် စတင် တာဝန်ယူသွားတော့မယ့် နည်းပြအဲရစ်တန်ဟက်ဂ်နဲ့ တစ်သင်းတည်းမှာ အတူလက်တွဲသွားရတော့မယ့် အခြေအနေတွေအပေါ် ပျော်ရွှင်မိရတယ် စိတ်လှုပ်ရှားမိရတယ်လို့ ယူနိုက်တက်ရဲ့ ထိပ်တန်းကစားသမားကြီး ခရစ္စတီယာနိုရော်နယ်ဒိုက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

နယ်သာလန်လူမျိူး နည်းပြတန်ဟက်ဂ်ဟာ လက်ရှိမှာ နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်းကို ကိုင်တွယ်နေသူဖြစ်ပြီး လာမယ့်ရာသီမှာ ယူနိုက်တက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။ တန်ဟက်ဂ်အနေနဲ့ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာချိန် အသင်းအတွင်း အပြောင်းအလဲတွေ များစွာလုပ်ဆောင်သွားဖွယ် ရှိနေရာ အသင်းရဲ့ အဓိက ကစားသမားကြီး ရော်နယ်လ်ဒိုရဲ့ အနာဂတ်ပါ မရေမရာ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပေမယ့် ရော်နယ်လ်ဒိုကိုယ်တိုင်ကတော့ တန်ဟက်ဂ်နဲ့ လက်တွဲသွားဖို့အတွက် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားမိတယ်လို့ ဖွင့်ဟခဲ့သလို အသင်းကလည်း တန်ဟက်ဂ်ကို အချိန်ပေးဖို့ လိုအပ်တယ်လို့ သတိပေး ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြသစ် ဖြစ်လာတော့မယ့် တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုက “ကျွန်တော်တို့တွေ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေရပါတယ်။ ဒါက ကစားသမာတွေသာမကပဲ အသင်းပရိသတ်တွေပါ ဒီလို ခံစားနေရတာမျိုးပါ။ သူ အကောင်းဆုံး ဖြစ်လာပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။ နောက်နှစ်ရာသီမှာလည်း ကျွန်တော်တို့တွေ ဆုဖလားတွေ ဆွတ်ခူးရယူနိုင်လိမ့်မယ်ဆိုတာကိုပါ ယုံကြည်လောက်ရအောင်။ သူ့အကြောင်း ကျွန်တော်သိတာကတော့ သူက အေဂျက်စ်အသင်းမှာ ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံရှိ နည်းပြကောင်းတစ်ဦးဆိုတာ။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို အချိန်ပေးဖို့ လိုအပ်ပါတယ်။ သူ လိုချင်နေတဲ့ ပုံစံမျိုးနဲ့ ပြောင်းလဲသင့်တဲ့ ကိစ္စတွေကိုလည်း ပြောင်းလဲသွားရပါလိမ့်မယ်။ ကျွန်တော်တို့တွေ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် မရှိတော့ပေမယ့်လည်း အသင်းရဲ့ goat ကြီး ရော်နယ်လ်ဒိုကတော့ အသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ဘောလုံးရာသီကိုပါ ဆက်လက်ဖြတ်သန်းသွားဖွယ် ရှိနေပြီး နည်းပြတန်ဟက်ဂ်ကပါ ရော်နယ်လ်ဒိုကို အသင်းမှာပဲ ဆက်လက်ထားရှိဖွယ် ရှိနေပါတယ်။

Exit mobile version