အသက် ၃၆နှစ် အရွယ် ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အကောင်းဆုံး ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ဘောလုံးသမား တဦးရဲ့ နေဝင်ချိန်လို့ သတ်မှတ်ခံထားရတဲ့ အသက် ၃၅နှစ်ကို ကျော်လွန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် ရပ်တည်နေကာ ကလပ်အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ အတွက် ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုး ၃၈ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ရိုနယ်ဒိုရဲ့ အခုလို အံ့မခန်း စွမ်းဆောင်ရည်တွေနောက်မှာ အဓိကကျတဲ့ အကြောင်းအရာကတော့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ထိန်းသိမ်းတဲ့ နည်းလမ်း ဖြစ်ပြီး ရိုနယ်ဒိုဟာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန် လုပ်သလို ကြံ့ခိုင်မှု ကောင်းမွန်စေဖို့ အဆီများတဲ့ အစားအစာတွေ စားတာကို ရှောင်ကြဉ်သလို အရက် ၊ ဘီယာ ၊ အချိုရည် မသောက်သုံးပဲ ရေတခုထဲကိုသာ သောက်သုံးလေ့ ရှိသူပါ။

Photo Credit: Marca

အဲ့ဒါအပြင် ရိုနယ်ဒိုဟာ တူညီတဲ့ အစားအသောက်တွေကိုပဲ နေ့စဉ်မပြတ် စားသုံးခဲ့ပြီး ရိုနယ်ဒို စားသောက်တဲ့ အစားအသောက်တွေရဲ့ အကြောင်းကို ရိုနယ်ဒိုနဲ့အတူ လေ့ကျင့်ခန်း ဆင်းဖူးတဲ့ ဂျူဗင်တပ်အသင်းရဲ့ လူငယ် ကစားသမား ဖြစ်သူ ပီတာက ပြောပြသွားခဲ့ပါတယ်။ ပီတာက ရိုနယ်ဒိုဟာ အမြဲတမ်း ပန်းဂေါ်ဖီစိမ်း ၊ ကြက်သားပြုတ်နဲ့ ထမင်းကိုသာ စားလေ့ရှိသူ ဖြစ်ပြီး တနေ့မှာ ရေကို လီတာပေါင်းများစွာ သောက်သုံးလေ့ ရှိကြောင်းလည်း ဆိုပါတယ်။

ရိုနယ်ဒိုရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သတ်ပြီး ပီတာက – “ရိုနယ်ဒိုက အမြဲတမ်း တူညီတဲ့ အစားအသောက်ကိုပဲ စားလေ့ ရှိပါတယ်။ သူက ပန်းဂေါ်ဖီစိမ်း ၊ ကြက်သား(ပြုတ်)နဲ့ ထမင်းကိုပဲ စားပါတယ်။ ပြီးတော့ ရေကို လီတာပေါင်းများစွာ သောက်ပါတယ်။ ကိုကာကိုလာ မသောက်ပါဘူး။ ခရစ္စတီယာနို (ရိုနယ်ဒို) က အမြဲတမ်း ဘယ်နေရာမှာမဆို အနိုင်ရချင်တဲ့ လူတဦးပါ။ သူက လူငယ် ကစားသမားတွေကို တိုးတက်လာအောင် ကူညီပေးလေ့ ရှိပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။

Photo Credit: Marca

ရိုနယ်ဒိုရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ အီဗရာကလည်း ရိုနယ်ဒိုဟာ နေ့လယ်စာနဲ့ ညစာတွေမှာ ကြက်သားပြုတ်နဲ့ အရွက်ပြုတ်ကိုသာ စားလေ့ ရှိကြောင်း အင်တာဗျူး အတော်များများမှာ ဖြေကြားဖူးပါတယ်။ ဒါပေမယ့် ရိုနယ်ဒို အကြိုက်ဆုံး အစားအစာ ကတော့ ပင်လယ်ငါးအသားကို အာလူး ၊ ကြက်သွန်နီ ၊ ကြက်ဉတို့ကို ပေါင်းစပ်ကာ ကြော်ထားတဲ့ ပေါ်တူဂီရိုးရာ အစားအစာပဲ ဖြစ်ပါတယ်။ ကဲ ရိုနယ်ဒိုလို အဆီပို မရှိပဲ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ရင်တော့ ရိုနယ်ဒို စားတဲ့ အတိုင်း လိုက်စားကြည့်ဖို့ လိုအပ်ပါတယ်။