ဆော်ဒီအာရေဗျ ကလပ်အသင်း အယ်လ်ဟီလာက ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာပဲ စူပါစတား ဘောလုံးသမားကြီးဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ အပြောင်းအရွှေ့ မဖြစ်လာခဲ့ရခြင်းက သတင်းတွေမှာ ဖော်ပြနေသလို သူတို့ရဲ့ ကမ်းလှမ်းမှုကို ရော်နယ်လ်ဒိုဘက်က ပယ်ချခဲ့တာကြောင့် မဟုတ်ပဲ အပြောင်းအရွှေ့ နောက်ဆုံးအဆင့်ဆီ ဦးတည်နေချိန်မှာ မမျှော်လင့်ပဲ အပြောင်းအရွှေ့ ပျက်သွားခဲ့ရတာကြောင့်လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

Photo Credit : CaughtOffside

အသက်(၃၇)နှစ်အရွယ်ရှိ ပေါ်တူဂီ ထိပ်တန်းကစားသမားကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေတုန်းက ယူနိုက်တက်ကနေ ထွက်ခွာပြီး အသင်းတစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပြီး ဥရောပထိပ်သီး ကလပ်အသင်းတွေနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းဒေသက ငွေကြေးပိုင်း အလွန်တောင့်တင်းတဲ့ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိပြန်သေးပြီး ဒီအသင်းတွေထဲမှာ ဆော်ဒီ နာမည်ကြီးကလပ် အယ်လ်ဟီလာအသင်းလည်း ပါဝင်နေခဲ့ပါသေးတယ်။

Photo Credit : Goal

အယ်လ်ဟီလာအသင်းက ရော်နယ်လ်ဒိုကို သူတို့အသင်းဆီ မခေါ်ဆောင်ဖြစ်လိုက်တာဟာ ရော်နယ်လ်ဒိုက သူတို့အသင်းကို ပြောင်းလာဖို့ ပယ်ချခဲ့တာကြောင့် မဟုတ်ပဲ Sports Arbitration Centre (အားကစားခုံသမားဓိဌာန) ကနေ သူတို့ကို ကစားသမား စာရင်းသွင်းဖို့ တားမြစ်ခဲ့တာကြောင့်သာ ဖြစ်တယ်လို့ အယ်ဟီလာအသင်းဥက္ကဌက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အယ်ဟီလာဥက္ကဌက “ကျွန်တော်တို့ ရော်နယ်လ်ဒိုနဲ့ ညှိနှိုင်းခဲ့တာ ဟုတ်ပါတယ်။ ပြသာနာက ပိုက်ဆံကြောင့် အခြေခံသဘောတရားကြောင့် မဟုတ်ပါဘူး။ အယ်ဟီလာက ကမ္ဘာ့ပေါ်က ဘယ်ကြယ်ပွင့်ကစားသမားကိုမဆို ခေါ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အားကစားခုံသမာဓိဌာနရဲ့ ဆုံးဖြတ်ချက်က ကစားသမားတွေကို စာရင်းသွင်းဖို့ တားမြစ်ထားခဲ့ပါတယ်။ ဒီလို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ဘက်ကတော့ ကစားသမားနဲ့ ညှိနှိုင်းမှုကို မရပ်တန့်ခဲ့ပါဘူး။ ဒါပေမယ့် ပိတ်ပင်မှုကို မရုပ်သိမ်းလိုက်ခင်မှာပဲ စေ့စပ်ညှိနှိုင်းမှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့က ကြန့်ကြာသွားခဲ့ရပါတယ်” လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒိုက ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေရပြီး ဒီရာသီမှာ အသင်းအတွက် (၈)ပွဲ ကစားထားရပေမယ့် (၈)ပွဲမြောက်မှသာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။