မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ယူနိုက်တက်နဲ့ ဆောက်သမ်တန်အသင်းတို့ ပွဲစဉ်အပြီးမှာ ကစားသမားတွေ အပြန်အလှန် နှုတ်ဆက်နေကြစဉ် သူရဲ့ယူနိုက်တက် အသင်းဖော် အီလန်ဂါကို တံထွေးနဲ့ ထွေးမိခဲ့ပုံရတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ရာ ဒီအကြောင်းအရာက လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့သွားခဲ့ရပြီး အများစုကေတာ့ ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။

Photo Credit : Daily Mail

မကြာသေးခင်ကမှ အက်အေဖလားပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ဇယားအောက်ဆုံးက ဘန်လေကို သရေကျထားပြီးနောက် မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဆောက်သမ်တန်အသင်းကိုလည်း သရေထပ်ကျခဲ့ရပါတယ်။ ဆန်ချိုရဲ့ သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင်ခဲ့ရပေမယ့် ဒုတိယပိုင်းအစမှာပဲ ချေအဒမ်စ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့လို့ ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီနဲ့သာ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဒီပွဲစဉ်အတွင်း ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ရော်နယ်လ်ဒိုက ဆယ်ကျော်သက် အသင်းဖော် အီလန်ဂါကို တံထွေးနဲ့ ထွေးမိခဲ့ပုံရတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့လို့ ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရပါတယ်။

Photo Credit : Daily Express

ဗြိတိန်ရဲ့နာမည်ကြီး ရုပ်သံလိုင်းကြီးဖြစ်တဲ့ BT Sports ရဲ့ ရုပ်သံတစ်ခုမှာ ရော်နယ်လ်ဒိုက သူ့အရှေ့မှာ ရှိလို့နေတဲ့ အသင်းဖော် အီလန်ဂါရဲ့ ကျောခုံးလောက်ကို တံထွေးနဲ့ ထွေးမိခဲ့သလို ဖြစ်သွားတာကြောင့် ဘောလုံးပရိသတ်တွေကြားမှာ ပြောစရာ ဖြစ်သွားခဲ့ရပြီး ပရိသတ်အများစုကတော့ ကိုယ့်အသင်းဖော်အပေါ် တံထွေးနဲ့ပါ ထွေးခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ လုပ်ရပ်က လက်ခံနိုင်စရာ မရှိလို့ အရေးယူသင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုနေကြပါတယ်။ ဒါပေမယ့် တချို့ကလည်း ဒီလို တံထွေးနဲ့ ထွေးတယ်လို့ မြင်ရခြင်းဟာ ကင်မရာ ရှုထောင့်ကြောင့်သာ ဖြစ်နိုင်ပြီး သေချာကြည့်မယ်ဆိုရင် ရော်နယ်လ်ဒိုနဲ့ အီလန်ဂါတို့က အနည်းငယ် လှမ်းနေတယ်လို့လည်း သုံးသပ်ထားကြပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ သွင်းဂိုးမဲ့ နေတာဟာ (၆)ပွဲဆက်တိုက်ထိ ဖြစ်လာခဲ့ရပြီး (၁၂)နှစ်တာ ကာလအတွင်း အဆိုးရွှားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။