MySport Myanmar

ငှက်ကျားဆီ ထွက်မသွားပဲ ဆော်ဒီမှာ ပျော်သည်လို့ ဆိုလိုက်တဲ့ ရော်နယ်လ်ဒို

GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက လက်ရှိမှာ နယူးကာဆယ်အသင်းနဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် ငြင်းဆန် ပယ်ချထားပြီး သူ့အနေနဲ့ သူရဲ့ လက်ရှိကလပ် အယ်လ်နာဆာအသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit : Forbes

ရော်နယ်လ်ဒိုဟာ ဒီနှစ် အစောပိုင်းမှ ဆော်ဒီအာရေဗျ ကလပ် အယ်လ်နာဆာအသင်းဆီကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာမျိုးနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး လက်ရှိမှာလည်း အသင်းအတွက် ဆော်ဒီလိဂ်ဂိုး (၁၄)ဂိုးအထိလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုက အယ်လ်နာဆာမှာ သူရဲ့ စာချုပ်သက်တမ်းအတိုင်း ဆက်လက် ရှိသွားမှာ မဟုတ်ပဲ ဆော်ဒီ အိမ်ရှေ့မင်းသား ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းဆီကို အခု နွေဈေးကွက်အတွင်းမှာ ပြောင်းရွှေ့သွားလိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Fabrizo Romano

ဒီလို သတင်းဖော်ပြမှုတွေက မှန်ကန်ခြင်း မရှိသလို သူ့အနေနဲ့ အယ်လ်နာဆာမှာပဲ ဆက်လက် ရှိနေမှာဖြစ်ကြောင်း ရော်နယ်လ်ဒိုက “ကျွန်တော် ဒီမှာ ပျော်ရွှင်နေပါတယ်။ ဒီမှာပဲ ဆက်ရှိနေချင်ပါတယ်။ ဒီမှာပဲ ဆက်ရှိနေပါလိမ့်မယ်။ ကစားသမားဘဝက အရမ်းကောင်းနေတယ်။ ဒီလိဂ်ကလည်း ကောင်းမွန်လှတယ်။ ကစားသမားကောင်းတွေကို အားလုံးကိုလည်း ကြိုဆိုနေပါတယ်။ တကယ်လို့ အဲ့ဒီ ကစားသမားတွေသာ ရောက်လာခဲ့မယ်ဆိုရင်တော့ ဒီလိဂ်က ပိုလို့တောင် ကောင်းမွန်လာဦးမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ သူရဲ့ ကစားသမားဘဝအတွင်း စတုတ္ထမြောက် ဖလားလက်မဲ့ ဘောလုံးရာသီတစ်ခုကို ထပ်မံ ဖြတ်သန်းနေရပြီ ဖြစ်ပေမယ့်လည်း သူကတော့ အယ်လ်နာဆာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိပဲ လာမယ့် ဘောလုံးရာသီအထိ အယ်လ်နာဆာမှာပဲ ဆက်ရှိရင်း ဆော်ဒီ အမှတ်ပေးလိဂ်ကိုပါ အဓိက ပစ်မှတ်ထားဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version